Tuesday 24 November 2015

မင်းရဲတောမှာ ရာဇဝင်ရှိတယ်

Photo credit: http://www.craigbertramsmith.co.za/Wild%20Dogs%20Landing%20Page.htm
အခန်း (၁)
+++++

ရမ်းဗြဲကျွန်းပေါ်က တောတွင်းတစ်နေရာမှာ ကျုပ်နေတယ်။ ကျုပ်ကိုယ်ကျုပ် နေထိုင်နိုင်ရုံ တဲကလေးတစ်လုံးဆောက်ထားတယ်။ မိုးခို၊ နှင်းခိုလို့ ရရုံ တဲကလေး။


ကျုပ်မှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်စရာ မှန်မရှိ။ ဆံပင်ညှပ်စရာ ကပ်ကြေးမရှိ။ မုတ်ဆိပ်မွေး၊ နှုတ်ခမ်းမွေး ရိတ်စရာ ဘာတစ်ခုမှလည်း မရှိ။ လိုလည်းမလို။

ကျုပ်မှာ တပည့်ကျော်တွေ ရှိတယ်။ သူတို့က သတ္တိရှိကြတယ်။ လျင်မြန်ဖျတ်လတ်ကြတယ်။ ကျုပ် ကိစ္စဝိစ္စတွေမှာ သူတို့တွေ အားကိုးရကြတယ်။ သူတိုတွေက ကျုပ်ကို ကာကွယ်ပေးကြတယ်။ ကျုပ်က ကျွေးသလောက်လေးသာ သူတို့ စားကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ကျုပ်နဲ့ လုံးဝ မတူဘူး။ ကျုပ်က နှစ်ချောင်းထောက်၊ နှစ်ဘက်မြှောက်သူ။ သူတို့ကျတော့ လေးချောင်းထောက်သူတွေ။ ပြီးတော့ ကျုပ်က သူတို့လောက် အမွေးမထူဘူး။ သူတို့က စိတ်ဆိုးရင် အသံစူးစူးနဲ့ ပြတ်တောင်းပြတ်တောင်း အော်ကြတယ်။ ကျုပ်ကို တွေ့ရင်တော့ ကလေးလေးလို ချွဲနွဲ့ပြတတ်ကြလေရဲ့။ သြော် … ကျုပ်ကလည်း သူတို့ကို မြင်ရင် ရင်ထဲမှာ ဘာလိုလိုရယ်လေ …။

ကျုပ်ငယ်ငယ်တုန်းက ကျုပ်လို နှစ်ချောင်းထောက်တွေနဲ့ အတူတူ စုဝေးနေခဲ့တာကို ရေးတေးတေး မှတ်မိနေတယ်။ ကျုပ်က သူတို့တွေနဲ့ ပုံစံချင်းတူပေမယ့် သူတို့တွေကို ကျုပ် မကြိုက်ဘူး။ ဒီနှစ်ချောင်းထောက်တွေက သူတို့ကိုယ်သူတို့ ခေါ်ကြတယ်။ “လူ“ တဲ့။ အင်း … ကျုပ်လည်း သူတို့နဲ့ ပုံစံတူလေတော့ “လူ“ လို့ ခေါ်ရမလားပဲ။ သူတို့တွေကို မုန်းလို့ပဲ ကျုပ် သူတို့နဲ့ ဝေးရာမှာ နေလာတာပေါ့။ သူတို့ကလည်း ကျုပ်ကို အဖက်မလုပ်ချင်ကြဘူး။ ရပါတယ်လေ။ ကျုပ်မှာ လေးချောင်းထောက် အဖော် (၁၀) ကောင် ရှိတာပဲ။ ဘာပူစရာ ရှိလဲ။

ကျုပ် ဗိုက်ဆာရင် ငါးရှာ၊ အမဲလိုက်တယ်။ ပြီးရင် အစိမ်းစားတယ်။ ကျုပ်ရဲ့ လေးချောင်းထောက် မိတ်ဆွေတွေကိုလည်း ဝေပုံကျပေးတယ်။ သူတို့ကလည်း ကျုပ်လိုပဲ အစိမ်းစားရတာ ကြိုက်တယ်။ သားစိမ်း၊ ငါးစိမ်းတွေဆီက ထွက်လာတဲ့ ရနံ့တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးသော မွှေးရနံ့တွေပေါ့။ ဒီအနံ့တွေကို ကျုပ် ကြိုက်တယ်။ ဒီအနံ့တွေ ရရင် ကျုပ် သွားရည်တမျှားမျှား ဖြစ်တော့တာပဲ။ ကျုပ်ရောင်းရင်းတွေလည်း ဒီအတိုင်းပဲ။ အဲဒီအတွက် ကျုပ်တို့ စုပေါင်း အလုပ်လုပ်ကြတယ်။ ပြီးရင် ကျုပ်တို့ အတူတူ ခွဲဝေ စားကြတယ်။ ဟိုနှစ်ချောင်းထောက် လူယုတ်မာတွေလို မီးနဲ့ ကင်မနေဘူး။ အလုပ်ရှုပ်တယ်။

အိပ်တော့လည်း ကျုပ်မိတ်ဆွေလေးချောင်းထောက်တွေနဲ့ မြေတလင်းမှာ အတူတူပဲ။ ညီမျှမှုဆိုတာ ကျုပ်တို့ကို ပြောတာဖြစ်မယ်။ စည်းလုံးမှုဆိုတာ ကျုပ်တို့ကို ခေါ်တာဖြစ်မယ်။ ဟိုနှစ်ချောင်းထောက် ငတုံးတွေ ကျုပ်နဲ့ လေးချောင်းထောက်မိတ်ဆွေတွေရဲ့ စည်းလုံးညီညွတ်မှုအား၊ တရားမျှတမှုအားကို လာကြည့်ပြီး အတုယူကြပါတော့လား။ အခုတော့ သင်းတို့တွေက အရိုင်းအစိုင်းကို ဖြစ်လို့။ သြော် … ဒုက္ခ … ဒုက္ခ …။ သနားစရာကောင်းလိုက်ပါဘိတော့။

အခန်း (၂)
+++++

ဒီနေ့မနက် ကျုပ် ခေါင်းထဲ မူးနေတယ်ဗျာ။ အား … ပြောရင်း ဗိုက်ထဲကလည်း အောင့်ကနဲ ဖြစ်သွားတယ်။ ဟူး … လှဲနေလိုက်မှ ဖြစ်မယ်ထင်တယ်။ ကျုပ် ဘယ်လို ဖြစ်တာပါလိမ့် …။ ကျုပ်မိတ်ဆွေ လေးချောင်ထောက်တွေရယ်၊ ကျုပ်ကို လာကူကြပါဦး။ ရေနည်းနည်းလောက် ရှာပေးကြပါလားဗျာ။ အားကိုးရတဲ့ မင်းတို့တွေ အခု ဘယ်ရောက်နေကြတာလဲ …။ အား … ရေ … ရေ…။ ကျုပ် မိုက်ခနဲ ဖြစ်သွားတယ်။ လောကကြီးတစ်ခုလုံး အမှောင်ဖုံးသွားတယ်။

အခန်း (၃)
+++++
ဟာ … ကျုပ် … ကျုပ် .. ဘယ်လို ဖြစ်သွားတာပါလိမ့်။ ကျုပ်ဘာလို့ ဒီလို မြေပြင်ပေါ်မှာ လှဲနေပါလိမ့်။ ကျုပ်ဘယ်နားရောက်နေပါလိမ့်။ ကြည့်စမ်း … မျက်လုံးဖွင့် ကြည်စမ်း။ အား … မျက်လုံးကလည်း စူးခနဲ ကျင်ခနဲ နာကျင်ကိုက်ခဲနေပါလား။ ကျုပ်မျက်လုံးတော့ ဖွင့်မယ်။ ဟာ … ဟာ … ကျုပ်ခြေထောက်ကို သွားတွေနဲ့ ကိုက်ဖဲ့နေသလိုပဲ။ ဘယ်သူတွေပါလိမ့်။ အား … ကျုပ်ဘက်လက်ကိုလည်း လာဆွဲနေပြီ။ အောင်မလေးဗျ … ညာဘက်လက်လည်း ရှိမှ ရှိပါသေးရဲ့လား။ ဘယ်သူတွေလဲ …။ ကျုပ် မျက်လုံးဖွင့်မယ်။ ဖွင့်မယ် …။ အား … ဟာ … ဟေ့ကောင်တွေ ကျုပ်က မင်းတို့ ခေါင်းဆောင်လေ။ ကျုပ်လေ … မင်းတို့ ဖယ်ကြစမ်း …။ သေသွားမယ် … ဘာမှတ်သတုံး …။ ကျုပ် အသံကုန် အော်ဖို့ ကြိုးစားတယ်။ အသံက လုံးဝ ထွက်မလာတော့ဘူး။ ဟင် … ဘယ်လိုဖြစ်တာပါလိမ့်။ ဟာ … မဖြစ်တော့ဘူး။ ကျုပ် ထွက်ပြေးမှပဲ။ ဒီကောင်တွေ ကျုပ်ကို မမှတ်မိတော့ဘူး ထင်တယ်။ ကျုပ် … ကျုပ် … ပြေးမယ်။ ပြေးမယ် …။ ဟင် … ခြေထောက်လည်း လှုပ်လို့ မရပါလား။ ခေါင်းလည်း ထူလို့ မရဘူး။ အား … ကျုပ် ခြေသလုံးတစ်ခုလုံး ပြတ်ထွက်သွားတာလားဗျာ။ ဟာ … ညာဘက်လက်မောင်းရင်းဆီက စေးကပ်ကပ်အရာတွေက ကျုပ်မျက်လုံးတွေပေါ် ဖျန်းကနဲ ပြန့်ကျဲဖုံးအုပ်သွားတယ်။ ကျုပ် မျက်လုံးထဲမှာ အနီရောင်တွေကလွဲပြီး ဘာမှ ရေရေရာရာ မမြင်ရတော့ဘူး။ ဟာ … ကျုပ် ဝမ်းဗိုက်လည်း ပေါက်သွားပြီလား မသိဘူး။ နာလိုက်တာ။ အား … ကျုပ် မျက်နှာကိုပါ ချွန်ထက်တဲ့ သွားတွေက စူးစိုက် ဝင်လာကြတယ်။ ဖဲ့ခြွေလိုက်ကြတယ်။ လောကကြီးရယ် … ကျုပ်ကို မကယ်ကြတော့ဘူးလားဗျာ …။ အား ………။ ကျုပ် အားကုံသုံးပြီး အော်လိုက်တဲ့ အသံကတော့ ဒီလောက်ပါပဲ။ ကျုပ်အော်သံကို လောကကြီး သတိထားမိလိုက်ရဲ့ လားဗျာ။ နှုတ်ဆက်ခဲ့ပါတယ် စိမ်းကားရက်စက်တဲ့ လောကကြီးရယ် …။

By: ဇွဲသစ် (ရမ္မာမြေ)
၂၃.၃.၂၀၁၄


(မှတ်ချက်။ ။ ထိုအဖြစ်အပျက်သည် ရမ်းဗြဲကျွန်း၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ အရှေ့မော်ရွာ၏ တောင်ဘက်ရှိ “မင်းရဲတော“ ဟု ခေါ်သော တောအုပ်နေရာတွင် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဇာတ်လမ်းပါ ဇာတ်ကောင်မှာ မိမိ၏ ခွေးများ အစားခံရပြီး သေဆုံးသွားပြီးနောက် ထိုတောတွင် တစ္ဆေဖြစ်သွားသည်ဟု ယုံကြည်ကြသည်။ တစ္ဆေအခြောက်ခံရဖူးသူလည်း ရှိသည်ဟု ပြောကြသည်။ ထို့နောက်တွင်မူ “တောကြမ်းသည်“ဟု ပြောဆိုကြတော့သည်။ ယခုထိတိုင် ထိုတောသို့ ကြောက်တတ်သူများ မသွားရဲကြပါ။)

No comments:

Post a Comment