Saturday 28 November 2015

ဘာလဲဟဲ့...လောကဓံ


အသက်ကြီးလာသည်နှင့်အမျှ တာဝန်ပိုလာသော လူ့ဘဝ။

တာဝန်ပိုလာသည်နှင့်အမျှ ပိုမို ပင်ပမ်းလာသော လူ့ဘဝ။

ပိုမို ပင်ပန်းသည်နှင့်အမျှ ပိုမို ငြီးငွေ့ချင်လာသော လူ့ဘဝ။


ဂျပန်တွေဟာ ကမ္ဘာပေါ်မှာ Suicide လုပ်သူတွေအများဆုံးတဲ့။

တိုးတက်လာတာနဲ့အမျှ အလုပ်တွေများ၊ ကြိုးစားရုန်းကန်ယှဉ်ပြိုင်ရမှုတွေလည်း များပြားလာကြတော့ စိတ်ဖိစီးမှုက ပိုသထက်ပိုလာတာ တကယ်တော့လည်း သူတို့ဘဝတွေ သနားစရာ။

ဒါပေမယ့် ဒါဟာ ဘဝပဲလေ။

ဘဝ တဲ့။ ကြည့်တော့သာ နှစ်လုံးတည်း။

ဒါပေမယ့် ဘဝဆိုတာ နှစ်ခုတည်း ရှိရုံနဲ့ မပြီးဘူး။

နှစ်ခုတည်းတတ်ရုံနဲ့ မဖြစ်ဘူး။

နှစ်ဦးတည်းနေရုံနဲ့ မပီသေးဘူး။

နှစ်တွေလတွေချီ ရုန်းကန်လှုပ်ရှားမှုတွေ ပေါင်းစည်းထားတာ။

ဂျပန်တွေလိုတော့ ဘဝကို အရှုံးပေး Suicide လုပ်တာမျိုးကို မကြိုက်ဘူး။

ဂျပန်တွေက သွေးကြီးတယ်ဆိုပေမယ့် ဒီလိုအရှုံးပေးတတ်တဲ့သူတွေလည်း အများကြီးရှိနေပါလားလို့ သံဝေဂရယူစရာကောင်းပါတယ်။

ဒီလိုမျိုး ဘဝကို အရှုံးပေးသွားသူတွေကိုလည်း သိပ် အထင်မကြီးဘူး။

ဆက်စပ်ပြီးတစ်ခါတစ်ခါတွေးမိသေးတယ်။

တစ်ချို့တွေက ကလေးဘဝကို တစ်ခါပြန်ပြီးရောက်ချင်တယ်ဆိုပြီး ညည်းတတ်ကြတယ်။

သူတို့ပြောချင်တာက ကလေးတွေမှာ အပူအပင် မရှိဘူးပေါ့လေ။ အဲဒါကြောင့် သူတို့လိုဘဝကို ပြန်ရောက်သွားရင် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို မခံစားရတော့ဘူး၊ စိတ်ချမ်းသာမယ်ပေါ့လေ။

ကျွန်တော်ကတော့ တွေးမိတယ်။

ကလေးဘဝကို ပြန်မရောက်ချင်ဘူး။

ကလေးဘဝဆိုတာ သူများအပေါ်မှာ မှီခိုအားထားရတယ်။ အရာရာတိုင်းနီးပါး သူများလုပ်ပေးမှ ကိုယ်ရမယ်ဆိုတော့ သူများမရှိရင် သူ့ဘဝ မရှိတော့ဘူး။ ပြောကြသလိုပဲ သူများနှာခေါင်းနဲ့ အသက်ရှုရတဲ့ သနားစရာ ဘဝလေးပါ။

ဒါကြောင့် ကလေးဘဝကိုလည်း မခုံမင်တာ။ ပြန်မရောက်ချင်တာ။

လက်ရှိအနေအထားနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ကိုယ်ထူကိုယ်ထ ကြိုးစားနိုင်ဖို့ လိုလားမိတယ်။

ကိုယ့် မှန်းရာကို ပေါက်အောင် အရောက်လျှောက်ချင်မိတယ်။

ကိုယ်က လောကကြီးအတွက် အကျိုးပြုနိုင်သူတစ်ယောက် ဖြစ်ချင်မိတယ်။

အနည်းဆုံး ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုဖြစ်သူ ဖြစ်အောင် ကြိုးစားချင်တယ်။

ဒီတော့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေ၊ အဟန့်အတားတွေ... စတဲ့ လောကဓံတရားသဘောတွေရယ်... မင်းတို့ကို စာရေးဆရာကြီးတစ်ယောက် စိန်ခေါ်မေးခွန်းထုတ်ခဲ့သလို မေးလိုက်ချင်တယ်။

ဘာလဲဟဲ့ ...လောကဓံ။

လာစမ်းဟဲ့... လောကဓံ။

ငါမမှုဘူးဟဲ့... လောကဓံ။

(မွန်းကြပ်နေသောစိတ်အတွက် ထွက်ပေါက်ပေးလိုက်မိခြင်းပါ။ လောကဓံကို အောင်နိုင်သူ ဖြစ်နိုင်ကြပါစေ။)

By: ဇွဲသစ် (ရမ္မာမြေ)

၂၀၊၆၊၂၀၁၃ (ကြာသပတေးနေ့)

No comments:

Post a Comment