Tuesday 24 November 2015

Meat (Lee Laughead) (အသား) (ဇာတ်လမ်းအကျဉ်း)

ဒုတိယကမ္ဘာစစ်ကြီးပြီး၍ နှစ်ပေါင်း (၅၀) ခန့် ကြာခဲ့ပြီဖြစ်သည်။
ဂျပန်သတင်းစာတစ်စောင် ဖြစ်သော ကာရီယုတိုင်းမ်သတင်းစာမှ သတင်းထောက် ဟီရိုရှီမာစုရှီးမားတစ်ယောက် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နှင့် မဟာမိတ်တို့အကြား တိုက်ပွဲအခြေအနေများကို ရှေ့မီနောက်မီဒေသခံပုဂ္ဂိုလ်များထံမှ စုံစမ်းမေးမြန်းနိုင်ရန် ရမ်းဗြဲကျွန်းသို့ လာရောက်၍ ဒေသခံရွာသားများကို အင်တာဗျူးလုပ်သည်။ အမှန်မှာ ဆင်းရဲနုံချာပြီး ညစ်ထေထေအသွင် ရှိနေကြသော ဒေသခံများကို သူ မကြိုက်။ အထင်သေးစိတ်ဖြစ်မိသည်မှာ အမှန်။ သို့သော် သတင်းထောက်တစ်ယောက်အနေဖြင့် သတင်းရယူဖို့၊ အယ်ဒီတာ့အကြိုက် ဇာတ်လမ်းကောင်းများ ရရှိဖို့သာ အရေးကြီးသည်ဟု စိတ်ထဲတွင် မှတ်ပိုက်လျက် ဒေသခံများအပေါ် အထင်သေးစိတ်ကို တတ်နိုင်သမျှ ဖုံးဖိ၍ အင်တာဗျူးလုပ်လာခဲ့သည်။ တစ်ချို့သော ဒေသခံများဧ။်စကားကို သူ အယုံအကြည် မရှိခဲ့။ လယ်ကန်သင်းတစ်နေရာအရောက် ငေးငိုင်တွေးတောနေမိသည်။ ထိုစဉ် ပိန်လှီသောကိုယ်ရှိသည့် အဖိုးအိုတစ်ဦး သူ့ကို နှုတ်ဆက်စကားဆိုလာသည်။ အဘိုးအိုထံမှ သူ လိုချင်သော ဇာတ်လမ်းတစ်ပုဒ် နားဆင်ရပေတော့မည်။
xxxxxxx       xxxxxxxx   xxxxxx


အဘိုးအိုဧ။်အမည်မှာ ပါလု ဖြစ်သည်။ သူ လူငယ်ဘဝက ဘာအလုပ်မှ လက်ကြောတင်းအောင် မလုပ်ချင်။ ချောင်းရိုးတစ်လျှောက် လှေဖြင့် တစ်ဝမ်းတစ်ခါးစာ ငါးရှာရင်း ပေါ့ပေါ့နေပေါ့ပေါ့စား ဘဝကို ဖြတ်သန်းနေခဲ့သည်။ သူ့မှာ မွေးချင်းသုံးဦးရှိသည်။ အစ်မဖြစ်သူ နန္ဒာမှာ အိမ်ထောင်ရှိပြီး အိမ်ခွဲနေသော်လည်း မိမိတို့နှင့် ရွာငယ်တစ်ရွာတည်းတွင် နေသည့်အပြင် အိမ်ချင်းကလည်း မဝေးလှပေ။ မိခင်မုဆိုးမကြီးမှာ အသက်ကြီးသော်လည်း တစ်မိသားစုလုံးအပေါ် သြဇာသက်ရောက်ဆဲ။ အနည်းငယ် ဗဟုသုတရှိသဖြင့် ရပ်ရွာတွင်လည်း အတိုင်းအတာတစ်ခုထိ ရိုသေလေးစားမှု ခံယူရသူဖြစ်သည်။

တစ်နေ့ ပါလု လှေဖြင့် ပြန်လာစဉ် ချောင်းကမ်းပါးတစ်နေရာတွင် အတော်အတန်ကြီးသော ကျည်ဆံတစ်တောင့် တွေ့ရသည်။ သူ့စိတ်ထဲတွင် ဒုတိယကမ္ဘာစစ်မီး မိမိတို့ကျွန်းပေါ်အထိ ကူးစက်လာပြီဟု တွေးတောကြောက်ရွံ့လျက် ရွာသို့ ကတိုက်ကရိုက် လှော်ခတ်လာသည်။ ရွာရှိရာ ချောင်းကမ်းနဖူးသို့ရောက်သည်နှင့် လှေကိုချည်၍ အနီးဆုံးအိမ်ဖြစ်သော အစ်မနန္ဒာအိမ်သို့ ဝင်ပြီး မိမိတွေ့ခဲ့သော ကျည်ဆံအကြောင်းပြောသည်။ ထို့နောက် မောင်နှမနှစ်ယောက် မိခင်ထံ အသော့နှင်ကြသည်။ မိခင်ကြီးကလည်း စိုးရိမ်သွားသည်။ သို့သော် လူပေါ်ကြော့ သားတော်မောင်ကို ယတိပြတ် ယုံကြည်လိုက်ပုံမရပေ။ ဘဝတွင် မိသားစုအတွက် ဘာတစ်ခုမှ လက်ကြောတင်းအောင် အလုပ်မလုပ်ပေးဖူးသော သားဖြစ်သူကို တွေ့ခဲ့သောကျည်ဆံ သွားယူပြီး သူ့စကားမှန်ကန်ကြောင်း ရွာသားများထံ သက်သေပြရန် တာဝန်ပေးသည်။ သူ့အစ်မကိုလည်း သူနှင့်အတူ လိုက်ပါသွားပေးရန် မိခင်က ပြောသည်။

နံနက်လင်းလျှင် ပါလုတို့ မောင်နှမနှစ်ယောက် ကျည်ဆံသွားရှာကြသည်။ ပါလုတွေ့ခဲ့သော နေရာ၌ပင် ကျည်ဆံကို ပြန်တွေ့သည်။ ကျည်ဆံမှာ မပစ်ရသေး။ အကောင်းပကတိအတိုင်း ရှိသည်။ ၄င်းကို ယူဆောင်၍ နှစ်ယောက်သား ရွာသို့ ပြန်လာကြသည်။ သူတို့ အိမ်ပြန်ရောက်သောအခါ ကျည်ဆံကို မိခင်အားပြသည်။ ထိုသို့ရှိစဉ် ကောင်းကင်ယံမှ စစ်လေယာဉ်သံ ပေါ်လာသည်။

ဒုတိယကမ္ဘာစစ်မီးကား မြန်မာနိုင်ငံ၊ ရမ်းဗြဲကျွန်းပေါ်သို့ မဆိုင်းမတွ ကူးစက်လာချေပြီတကား။

xxxxxx      xxxxxx      xxxxxx

အကီရာတင်ဘူကီမှာ အသက်နှစ်ဆယ်အရွယ် ဂျပန်လူငယ်တစ်ဦးဖြစ်သည်။ ပိန်ရှည်ရှည်ကိုယ် ရှိသည်။ မိခင်မှာ ချောင်းဆိုးသွေးပါရောဂါဖြင့် အိပ်ရာထဲတွင် လဲနေပြီ။ ညီငယ်ဖြစ်သူ ရှိုဂျီမှာ အသက် (၇) နှစ်အရွယ်ကလေးငယ်တစ်ဦး ဖြစ်သည်။ ဖခင်ဧ။် ရှားရှားပါးပါးအလုပ်ကြမ်းတစ်ခုမှရသော လစာဖြင့် မိသားစု နေထိုင်စားသောက်နေရသည်။ အကီရာမှာ ဤအသက်အရွယ်ထိ မိသားစုအတွက် အားကိုးရသူတစ်ယောက် မဖြစ်ခဲ့။ အသုံးမဝင်ခဲ့ပေ။ သို့သော် ယခုမူ ရန်သူမဟာမိတ်တပ်တို့ကို တိုက်ခိုက်ရန် ဂျပန်တပ်မတော်ထဲသို့ သူ ဝင်တော့မည်ဖြစ်သည်။ မိမိနိုင်ငံတော်အတွက်၊ မိမိဧကရာဇ် ဘုရင်မင်းမြတ်အတွက်၊ မိမိ မိသားစုအသက်ရှင်နေထိုင်နိုင်စေရေးအတွက် သူ ဂျပန်စစ်သားကောင်းတစ်ယောက် ဖြစ်ရပေတော့မည်။ မိမိအတွက် ဂုဏ်ယူဝင့်ကြွားနေသော ဖခင်နှင့် ညီငယ်၊ မိမိ အိမ်မှအထွက် မျက်နှာတစ်ပြင်လုံး မျက်ရည်မြစ်တို့ ဖြစ်ကျန်ရစ်ခဲ့ရှာသော ဝေဒနာသည် မိခင်ကြီးတို့ကို နှုတ်ဆက်လျက် သူ စစ်သင်တန်းသို့ လာခဲ့ပြီ။

စစ်သင်တန်းတွင် အကီရာတစ်ယောက် အလွန်ဆင်းရဲပင်ပမ်းကြီးစွာ ကြိုးစားလေ့ကျင့်ရသည်။ ပိန်လှီသောခန္ဓာနှင့်မလိုက်ဖက်အောင် တစ်ခါတစ်ရံ သတိမေ့သည်အထိ၊ လက်များ၊ ပုခုံးများ စုတ်ပြတ်၍ သွေးစိမ်းရှင်ရှင် ထွက်သည်အထိ သူ ကြိုးစားလေ့ကျင့်ခဲ့ရသည်။ သို့သော် သူ့ဆရာသမားများကမူ သူ့ကို အားမရချေ။ များစွာတိုးတက်မလာဟု ယူဆကြသည်။ တပ်မှ ထုတ်ပယ်ခြင်းကိုမူ မခံရပေ။ တစ်ဘက်မှ အင်အားကြီးမားသော မဟာမိတ်ရန်သူများကို တိုက်ခိုက်ရန် စစ်သားများစွာ လိုအပ်နေသော ဂျပန်တပ်မတော်အတွက် စစ်ရေးမကျွမ်းကျင်သေးသော အကီရာသည်လည်း တစ်ထောင့်တစ်နေရာမှ အသုံးဝင်နိုင်သည်ပင်။ တစ်နေ့ သူ့အထက်လူကြီးက အကီရာကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း၊ မိသားစုထံ အကြောင်းကြားစာရေးသားနိုင်ကြောင်း ပြောသည်။

နောက်တစ်ပတ်တွင် မြန်မာနိုင်ငံရှိ ရမ်းဗြဲကျွန်း တောတွင်းတစ်နေရာ၌ အခြားတပ်သားတစ်ချို့နှင့် အတူ အကီရာ ရောက်နေပေပြီ။ ပူပြင်းသော မြန်မာ့ရာသီဥတုဒဏ်ကြောင့်လည်းကောင်း၊ တောအတွင်း ကြုံတွေ့ရသော ခြင်၊မှက်ကိုက်ခဲသည့်ဒဏ်၊ ရေမသန့်သည့်ဒဏ်၊ အစားအစာရှားသည့်ဒဏ်တို့ကို ခါးစည်းခံရင်း သူတို့ စခန်းချရသည်။ ချီတက်တိုက်ခိုက်ကြရသည်။ ရမ်းဗြဲကျွန်းဧ။် ရွှံ့ထူသော လမုတောတစ်လျှောက် ရန်သူ့စက်သေနတ်သံ၊ စစ်လေယာဉ်သံများအကြားမှ တုန်လှုပ်ချောက်ချားဖွယ် ရှေ့သို့ ချီတက်နေရသည်။ ထိုသို့ရှိစဉ် သူတို့အသက်ကို နှုတ်ယူသွားမည့် ပို၍ကြောက်စရာကောင်းသောအရာတစ်ခုကို ကြုံတွေ့လာရသည်။ ၄င်းမှာ ရေငန်မိကျောင်းများက ဂျပန်စစ်သားများကို တစ်ယောက်ပြီးတစ်ယောက် ကိုက်ဖြတ်စားသောက်လိုက်ကြခြင်းပင် ဖြစ်သည်။ သူတို့အတွက် အခက်ကြုံရပြီ။ မိကျောင်းများကို သေနတ်ဖြင့်ပစ်ခတ်လျှင် မဟာမိတ်တပ်တို့ကို မိမိတို့ရှိရာနေရာသို့ ဖိတ်ခေါ်သလို ဖြစ်ပေမည်။ အတတ်နိုင်ဆုံး သေနတ်မပစ်ရန် အမိန့်ထုတ်ထားသည်။ သို့သော် လတ်တလောအသက်ဘေးနှင့် ကြုံတွေ့ရသော ဂျပန်စစ်သားတစ်ချို့အတွက် သေနတ်ဖြင့်မပစ်ဘဲ မနေနိုင်တော့ပေ။ မဟာမိတ်တပ်တို့လည်း သူတို့ရှိရာနေရာသို့ စက်သေနတ်ဖြင့် ပစ်သဖြင့် ပြေးကြရသည်။ ညအမှောင်ထုတွင် ရွှံ့နွံအကြား လမုတောထဲ ဖြတ်သန်းပြေးနေရသော ဂျပန်စစ်သားများမှာ မိကျောင်းခံတွင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် သက်ဆင်းကြရတော့သည်။

အကီရာမှာ မိမိအထက်အရာရှိနှင့် အခြားတပ်သားအနည်းငယ်တို့နှင့်အတူ အသက်ရှင်နေဆဲ။ အားလုံးမှာ မောပန်းလွန်းသဖြင့် အဆင်ပြေလောက်သောတစ်နေရာတွင် ပုန်းခိုနားနေကြပြီ။ မဟာမိတ်တို့ သူတို့ကို မတွေ့မြင်လောက်ဟု ထင်ကြသည်။ များမကြာမီ မဟာမိတ်တို့ဧ။် အဝိုင်းခံရသည်။ အားလုံး လက်နက်ချရန် တစ်ဘက်မှ အမိန့်ပေးသည်။ ထိုစဉ် ရွှံ့နွံအစပ်မှ မိကျောင်းတစ်ကောင် လျှပ်တပြက် ပေါ်လာပြီး အကီရာဧ။် ခြေတစ်ဘက်ကို ဆတ်ကနဲ ဆွဲသည်။ မိကျောင်းက သူ့ကို ရေထဲသို့ ဒရွတ်တိုက် ဆွဲသွားသည်။ အကီရာ မိကျောင်းကိုက် ခံလိုက်ရပေပြီ။ အခြားသူများမှာ မဟာမိတ်တို့ထံ လက်နက်ချလိုက်ရသည်ပင်။

xxxxxxxx       xxxxxxx     xxxxxx

ရေငန်မိကျောင်း ကိုက်၍ ရေထဲသို့ ဒရွတ်တိုက် အဆွဲခံလိုက်ရသော အကီရာမှာ ထူးဆန်းစွာပင် ချောင်းကမ်းနံဘေးဆီ ပြန်၍ သောင်တင်နေသည်။ သတိပြန်ရလာသောအခါ ခန္ဓာကိုယ်ကို မလှုပ်နိုင်တော့ချေ။ ခြေထောက်တစ်ဘက်မှာ ဒူးဆစ်အထိ မရှိတော့ပြီ။ ထိုသို့ ဖြစ်နေသော အကီရာကို ပါလူတို့ မိသားစုတွေ့ပြီး ကယ်တင်လိုက်ကြသည်။ တတ်နိုင်သမျှ ဆေးကုပေးကြသည်။ သို့သော် အကီရာ တစ်ယောက်မှာမူ တစ်ပတ်သာ အသက်ရှင်ခွင့်ရခဲ့တော့သည်။
xxxxxxxx       xxxxxx      xxxxxxx

အဘိုးအိုပါလု ပြောပြသော ဇာတ်လမ်းအဆုံးတွင် ဂျပန်သတင်းထောက် ဟီရိုရှီတစ်ယောက် ထခုန်မတတ် အူမြူးနေတော့သည်။ ဟီရိုရှီက သတင်းစာအတွက် အယ်ဒီတာ့အကြိုက် ဇာတ်လမ်းကောင်းတစ်ပုဒ်ရပြီဟုပင် ကြွေးကြော်လိုက်သေးသည်။ ဤသည်ကိုတွေ့သော အဘိုးအိုပါလုမှာ အံ့သြသင့်နေသည်။ မရှုမလှသေဆုံးသွားကြရှာသော မိမိတို့စစ်သားများအတွက် ကိုယ်ချင်းစာတရားနှင့် ဝမ်းနည်းစိတ်တို့ မြူဆံမျှမရှိဘဲ ငွေမျက်နှာသာကြည့်တတ်သည့် ဂျပန်သတင်းထောက်တစ်ယောက်ပါလား ဟူသောအတွေးဖြင့် အဘိုးအိုပါလု မြင်ပြင်းကပ်မိသည်။ ဟီရိုရှီက သူ့အမည်ကို မေးသော်လည်း ပြန်မဖြေတော့ဘဲ သူ လှမ်းထွက်သွားတော့သည်။
xxxxxx       xxxxxx        xxxxxxx

ဝတ္ထုအပေါ် စာရေးသူဧ။် အမြင်
+++++++++++++++

ဝတ္ထုရေးသူ လီလာဖက် (Lee Laughead) မှာ အရေးအဖွဲ့ ကောင်းသည်ဟု ဆိုနိုင်သော်လည်း ဇာတ်လမ်းနှင့် မသက်ဆိုင်သော ဘေးချော်ရေးသားတင်ပြမှုများ၊ တစ်ချို့အဖြစ်အပျက်များ ယုတ္တိမရှိမှု၊ နေရာဒေသ တိတိကျကျ မဖော်ပြမှု၊ ယေဘုယျသဘောဖြင့်သာ တစ်ချို့ဖြစ်ရပ်များကို တင်ပြမှုများကြောင့် ဇာတ်လမ်းကို ဆက်ဖတ်ရန် တွန်းအား (သို့မဟုတ်) ဆွဲဆောင်မှု အားနည်းသည်ဟု စာရေးသူအနေဖြင့် သုံးသပ်မိသည်။

ဇာတ်လမ်းဧ။် အားသာချက်တစ်ခုမှာ ဂျပန်စစ်သားများပြုလုပ်ရသည့် ခက်ခဲကြမ်းတမ်းသော စစ်ရေးလေ့ကျင့်မှုများနှင့် စစ်အတွင်း ၄င်းတို့ ကြုံတွေ့ရသော ဒုက္ခမျိုးစုံတို့ကို အတိုင်းအတာတစ်ခုထိ တုန်လှုပ်ချောက်ချားဖွယ် လှစ်ဟတင်ပြနိုင်ခြင်းပင် ဖြစ်သည်။

သို့သော် ဝတ္ထုနိဂုံးပိုင်းနားတွင် အခြားသော ဂျပန်စစ်သားများ မိကျောင်းအစားခံရလျှင် လုံးဝ အသက်ရှင်သည်မရှိသော်လည်း ဇာတ်ဆောင်အကီရာမှာမူ မိကျောင်းအကိုက်ခံရသည်ချင်းအတူတူ ဖြစ်သော်လည်း သတိမေ့မျောလျက် ထူးဆန်းစွာပင် ကမ်းသို့မျောပါသောင်တင်နေသည်ဟူသောအချက်မှာ ယုတ္တိမတန်ချေ။ အသက်ရှင်လျက် အကောင်းပကတိလူများကိုပင် အလျင်အမြန်ဆွဲ၍ ကိုက်ဖြတ်စားသောက်ပစ်တတ်သော ရမ်းဗြဲကျွန်းမှ ရေငန်မိကျောင်းများသည် အကီရာအပေါ် အဘယ်ကြောင့် သနားငဲ့ညှာခဲ့သနည်းဟူသောမေးခွန်းကို စာဖတ်သူတိုင်း မကြေနပ်စွာ မေးမိမည်မှာ အမှန်ပင် ဖြစ်သည်။ ထို့အပြင် မိကျောင်းအကိုက်ခံရပြီး သတိမေ့မျောလျက် ထူးဆန်းစွာ ရေမျောကမ်းတင်ခဲ့သူ အကီရာကို ပါလုတို့မိသားစု ကယ်တင်၍ ဆေးကုသမှုကြောင့် တစ်ပတ်တိတိ အသက်ရှင်ခဲ့သေးသည် ဟူသည်မှာလည်း ယုတ္တိမရှိပေ။ နောက်ဆုံးတွင်မူ ဝတ္ထုဖြစ်သောကြောင့် ဝတ္ထုဆရာဧ။် စိတ်ကူးသာ အဓိကဖြစ်သဖြင့် ဖတ်သူက ယုတ္တိမတန်ဟု မည်မျှပင်ဆိုစေကာမူ သူ ဖန်တီးပိုင်ခွင့်ရှိသည်ပဲ ဟူ၍သာ ဖြေတွေးတွေးမိပါတော့သည်။

ဤစာအုပ်ကို Amazon.com တွင် ရီဗျူးလုပ်ထားသော စာဖတ်သူတစ်ဦးဧ။်အမြင်မှာ ”ရမ်းဗြဲကျွန်းပေါ်မှ ရေငန်မိကျောင်းတိုက်ခိုက်မှုကြောင့် ဂျပန်စစ်သားများစွာ သေဆုံးခဲ့ရသော ကမ္ဘာကျော်ဖြစ်ရပ်ကို ရေးသားထားသည့် ဤထက်ပိုကောင်းသော ဝတ္ထုဇာတ်လမ်းများ ရှိမည်မှာသေချာသည်။ ဤဝတ္ထုမှာ ဘေးချော်မှုများပြီး သိပ်မစွံ” ဟူသောသဘောမျိုး တွေ့ရသည်။

ထူးခြားသည်မှာ ဝတ္ထုတစ်ပုဒ်လုံးတွင် ”မြန်မာနိုင်ငံ” ၊ ”မြန်မာလူမျိုး” ဟူသောအမည်များကိုသာ တွေ့ရပြီး၊ အဓိကဖြစ်ရပ် အမှန်တကယ် ဖြစ်ခဲ့ရာ ”ရမ်းဗြဲကျွန်း” ဧ။် အမည်ကို လုံးဝ မတွေ့ရဘဲ ကျွန်းတစ်ကျွန်းအနေဖြင့်သာ ဝိုးတိုးဝါးတား သရုပ်ဖော်ထားသည်။ သမိုင်းနောက်ခံ အကိုးအကားစာအုပ်များလည်း ဖော်ပြထားသည်ကို မတွေ့ရပေ။ သို့သော် ထိုဖြစ်ရပ်ဖြစ်ခဲ့သည့်ကျွန်းမှာ ရမ်းဗြဲကျွန်း ဖြစ်သည်ဟူသောအချက်ကိုမူ သမိုင်းမှတ်တမ်းအသီးသီးမှ သက်သေခံလျက်ရှိသဖြင့် ဝတ္ထုတွင် အမည်မဖော်ပြသည့်တိုင် ထိုအချက်ကို ကွက်ကွက်ကွင်းကွင်း သိရှိနိုင်ပေသည်။ မည်သို့ဆိုစေ အမေရိကန်စာရေးဆရာ လီလာဖက်ဧ။် အသား (Meat) ဟူသောဝတ္ထုမှာလည်း  ရမ်းဗြဲကျွန်းမှ ဂင်းနစ်မှတ်တမ်းဝင် မိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို သရုပ်ဖော်တင်ပြထားသော စာအုပ်တစ်အုပ်အဖြစ် ကမ္ဘာ့စာပေစင်မြင့်ထက်တွင် နေရာယူနေသည်မှာ အမှန်ပင်ဖြစ်ပေသည်။

(အခြားစာအုပ်နှစ်အုပ်အကြောင်းကိုလည်း အလျဉ်းသင့်သလို ကြိုးစားတင်ပြပါဦးမည်။

လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၂၃၊ ၇၊ ၂၀၁၅

No comments:

Post a Comment