Saturday 28 November 2015

ကျွန်တော်က ဗုဒ္ဓဘာသာပါ ?!?


ကျွန်တော်တို့တွေ ပြောကြတာကို သတိထားပြီး လေ့လာကြည့်မိတယ်။ ငါတို့က ဗုဒ္ဓဘာသာတွေ ... ဆိုတာမျိုးကို တွေ့တွေ့နေရတယ်။ အကျင့်လို ဖြစ်နေတာမျိုးပါ။ ဘယ်သူတွေမှာ ဒီလိုအကျင့်ဖြစ်နေတာလဲ ဆိုရင် အတော်များများမှာကို ဖြစ်နေပါတယ်။ ပညာတတ်လူကြီးလူကောင်းတွေမှာလည်း ဒီအကျင့်မျိုးတွေ့ရတယ်။


ဒါပေမယ့် ကျွန်တော် လေ့လာမှတ်သားဖူးသလောက်နဲ့ ပြောရရင် ဒီလိုပြောတာ မှားနေပါတယ်။ ဒီလိုပြောတာမှားတယ်ဆိုတာ ဒီလူတွေအနေနဲ့ သိရင်လည်း သိကြပါလိမ့်မယ်။ ဒါပေမယ့် နှုတ်ကျိုးနေလေတော့ လွယ်လွယ်နဲ့ ဖျောက်ဖို့ ခက်နေတဲ့ သဘောပါ။ ဒီတော့ ဒီပို့စ့မှာ ကြားနာမှတ်သားလေ့လာထားဖူးတဲ့ နှီးနွှယ်ဆက်စပ်တဲ့ သဘောတွေကိုပါ တစ်ဆက်တည်း ပြောလိုပါတယ်။

အမှန်က ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူး (ရဟူဒီ) ဘာသာ၊ ဟိန္ဒူဘာသာ၊ ဆစ်ခ့ဘာသာတို့ဆိုတာ ဘာသာတရားကို ဆိုလိုတာပါ။ လူကိုတော့ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဂျူး (ရဟူဒီ) လူမျိုး၊ ဟိန္ဒူ (သို့) ဟိန္ဒူဘာသာဝင်၊ ဆစ်ခ့ဘာသာဝင် လို့ ပြောကြတာ မှန်တယ်လို့ ယူဆပါတယ်။

အင်္ဂလိပ်ဘာသာစကားမှာလည်း ဘာသာနဲ့ ဘာသာဝင်အကြားမှာ စာလုံးပေါင်းနဲ့ အဓိပ္ပာယ်ကွာခြားချက် ရှိပါတယ်။

အင်္ဂလိပ်ဘာသာမှာ -ism နဲ့ ဆုံးရင် အယူဝါဒ တစ်ခုပါပဲ။ အဲဒါ စိတ္တဇနာမ် (Abstract Noun) တစ်ခုပါ။ လူမဟုတ်ပါဘူး။ လူအဖြစ်ပြောင်းရင် -ist လို့ ပြောင်းရပါတယ်။ ဒီလိုပြောင်းလိုက်မှ သက်ဆိုင်ရာ အယူဝါဒကို လက်ခံသူလို့ ဖြစ်ပါတယ်။

ဥပမာ -
Buddhism (ဗုဒ္ဓဘာသာ) ……… Buddhist (ဗုဒ္ဓဘာသာဝင်)
Taoism (တာအိုဘာသာ) ………. Taoist (တာအိုဘာသာဝင်)

ဒါပေမယ့် … ကျန်ဘာသာတရားနဲ့ ဘာသာဝင်တွေကတော့ ပြောင်းလဲပုံ တစ်ပုံစံတည်း မဖြစ်တာကို တွေ့ရပါတယ်။

ဥပမာ-
Christianity (ခရစ်ယာန်ဘာသာ) ………. Christian (ခရစ်ယာန် (သို့) ခရစ်ယာန်ဘာသာဝင် )
Hinduism (ဟိန္ဒူဘာသာ) ………………… Hindu (ဟိန္ဒူ (သို့) ဟိန္ဒူဘာသာဝင်)
Sikhism (ဆစ်ခ့ဘာသာ) …………………. Sikh (ဆစ်ခ့ဘာသာဝင်)
Islam (အစ္စလာမ်ဘာသာ) ……………….. Muslim (မွတ်ဆလင် (သို့) မူဆလင်)

ကျွန်တော် ဗုဒ္ဓဘာသာဝင်ပါလို့ဆိုရင်တော့ I'm a Buddhist. (OR) I believe in Buddhism. လို့ ပြောနိုင်ပါတယ်။

ဒီလိုမျိုးဆိုတော့ ကျွန်တော်တို့ မသိလို့ဘဲဖြစ်ဖြစ်၊ သိလျက်နဲ့ နှုတ်ကျိုးနေလို့ပဲ ဖြစ်ဖြစ် “ကျွန်တော်က ဗုဒ္ဓဘာသာတစ်ယောက်ပါ။“ ဆိုရင်တော့ လွဲနေပြီလို့ ပြောနိုင်မယ် ထင်ပါပြီ။

ပညာရှင်တွေအတွက် မရည်ရွယ်ပါ။ ဆရာကြီးလုပ်တဲ့ သဘောလည်း မဟုတ်ပါ။ လက်တစ်ဆစ်စာ အသိကလေးကို အများသိအောင် မျှဝေခြင်းသာ ဖြစ်ပါတယ်။

အမှားပါလျှင်လည်း ဝေဖန်ထောက်ပြပေးဖို့ ဝမ်းမြောက်စွာ ကြိုဆိုလျှက်ပါ။

By: ဇွဲသစ် (ရမ္မာမြေ)

၁၊ ၁၁၊ ၂၀၁၃ (သောကြာနေ့)

No comments:

Post a Comment