![]() |
Photo credit: http://walluck.com/hello-kitty-in-paris-desktop.html |
(၁၀) ကိုယ့်ယောက်ဖတောင် ကိုယ်မသိဘူးလား
......................................................
တစ်ခုသောနေ့ နံနက်ပိုင်းတွင် လေးတောင်နယ်ရှိ
ရွာတစ်ရွာတွင် နေထိုင်သူလူငယ်တစ်ယောက် အခြားတစ်ရွာရှိ အစ်မဝမ်းကွဲတစ်ယောက်ထံသွားလည်သည်။
ထိုအချိန်က အစ်မဝမ်းကွဲမှာ အိမ်ထောင်ကျခါစအချိန်ဖြစ်၏။
လူငယ်မှာ မိမိ၏ ယောက်ဖဖြစ်သူကို အမည်သာကြားဖူးသည်။
ဘောလုံးအားကစားတော်သော အားကောင်းမောင်းသန် ယောက်ျားတစ်ယောက်အဖြစ်သိထားသည်။ သို့သော်
လူကိုကား မမြင်ဖူးသေး။
အစ်မဝမ်းကွဲဖြစ်သူနှင့်စကားပြောအပြီး အစ်မဝမ်းကွဲက
သူ့ကို အကူအညီတောင်းလာသည်။
“ဟေ့... မောင်လေး။ အစ်မက အိမ်မှာ အဝတ်တွေ လျှော်ဖို့ရှိတယ်။
ကျန်တဲ့ အလုပ်တွေလည်း ရှိသေးတယ်။ ငါ့မောင်ရောက်လာတာနဲ့ အတော်ပဲ။ နင့် ယောက်ဖဆီ ထမင်းပို့
သွားပေးပါအုံး။ ဒါနဲ့ နင့်ယောက်ဖကိုကော နင်သိတယ်မဟုတ်လား။“ တဲ့။
လူငယ်ကလည်း မသိဟု ပြောလိုက်လျှင် “ဒီလောက်
ဘောလုံးမှာ နာမည်ကြီးတဲ့ လူတစ်ယောက်ကို ဘာလို့ မသိရတာလဲ“ ဆိုပြီး အပြစ်တင်ခံရမည်ကို
စိုးရိမ်၍့ “သိပါတယ် အစ်မရယ်...“ ဟုသာ ရောချလိုက်ရသည်။
ဤသို့ဖြင့် အစ်မ၏ လမ်းညွှန်ချက်အတိုင်း ယောက်ဖရှိရာ
လယ်ကွက်ဆီ လျှောက်သွားခဲ့သည်။
အစ်မညွှန်လိုက်သည့် လယ်ကွက်ဆီ ရောက်ခါနီးတွင်
လူတစ်ယောက် ပေါက်တူးတစ်လက်ကို ပုခုံးပေါ်ထမ်းပြီး သူရှိရာဘက်ဆီ လယ်ကန်သင်းအတိုင်း လျှောက်လာနေသည်ကို
တွေ့ရသည်။
ရှေ့မှ လျှောက်လာနေသူက လူငယ့်အနားရောက်လာသောအခါ
သူ့ကို ကြည့်ပြီး မေးလိုက်၏။
“ဘယ်သွားမလို့လဲကွ“
“ကျွန်တော့် ယောက်ဖဆီ ထမင်းပို့သွားမလို့ပါ။“
ဟု လူငယ်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။
“မင်း ယောက်ဖက ဘယ်သူတုန်း။ မင်းသိလို့လား။“
ဟု လူကြီးက မေးသည်။
“ဟုတ်ကဲ့..။ သိပါတယ်။“ ဟု လူငယ်ကလည်း ပြန်ဖြေပါလေရော။
ဒီအခါ လူကြီးက ရှုတည်တည် မျက်နှာထားနှင့် ပြောလာသည်။
“ကဲကွာ... အိမ်ကို သွားရအောင်။ လာ...“
ထိုသို့ ပြောစကားနှင့်အတူ လူငယ့်လက်ကိုပါ သူက
ဆွဲလိုက်သည်။
လူငယ်ကလည်း တစ်ဖက်လက်က ထမင်းချိုင့်ကိုကိုင်
တစ်ဖက်လက်က လူကြီး၏ သန်မာအားကောင်းသော လက်ထဲ မလူးသာ မလွန့်သာ ယက်ကန်ယက်ကန်ဖြင့် ပါသွားရရှာတော့သည်။
ထို့နောက် အိမ်ခြံတံခါးဝသို့ နှစ်ယောက်သား
ဝင်လိုက်သည်ဆိုလျှင်ပင် အိမ်ထဲမှ အစ်မဝမ်းကွဲဖြစ်သူက သူတို့နှစ်ယောက်ကို မြင်လိုက်ပြီး
အော်ပြောလိုက်သည်။
“ငါ့မောင်က ဘယ်ဆိုးလို့လဲ။ စောစောတုန်းက ယောက်ဖကို
သိမှ သိပါ့မလားလို့ အစ်မက စိုးရိမ်နေတာ။ အခု ယောက်ဖကိုတောင် လက်ကနေဆွဲပြီး အိမ်ထဲအထိ
ခေါ်လာနိုင်တာ နည်းတဲ့အရည်အချင်းမဟုတ်ဘူး။“ ဟူ၏။
လူငယ့်စိတ်ထဲတွင်ကား ပြုံးရမလို ငိုရမလိုဖြင့်
တွေးနေမိသည်။ ထို့နောက်သိလာသည်က...
“သြော်... အခု ငါ့ကိုဆွဲခေါ်လာတာ ငါ့ ယောက်ဖဆိုသူကိုး“
ဟူသတတ်။
By: ဇွဲသစ် (ရမ္မာမြေ)
26.8.2013
No comments:
Post a Comment