Tuesday 24 November 2015

အဒူမင်းညို ရှင်းတမ်း

ဤလေ့လာချက်ကိုရေးသားဖြစ်ခြင်းမှာ မိတ္ထိလာကိစ္စဖြစ်နေစဉ် ( .၃.၂၀၁၃) နေ့တွင် ဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက ဒီဗွီဘီသတင်းဌာနမှတစ်ဆင့် ငြိမ်းချမ်းရေးတရားဟောသောအခါမြန်မာနိုင်ငံတွင် ဘာသာတရားအမျိုးမျိုးကို သက်ဝင်ယုံကြည်သူများ ဟိုယခင်ကတည်းက နေထိုင်လာခဲ့ကြကြောင်း၊သာဓကအနေဖြင့် ရခိုင်ပြည်တွင် မြောက်ဦးခေတ်က ‘အဒူမင်းညို’ ဟူသော အမတ်စာဆိုတစ်ဦး ရှိခဲ့ကြောင်း၊‘အဒူ’ သည် မူဆလင်ဘာသာဝင်တို့၏ ရှေ့အမည် ‘အဗ္ဗဒူ(Abdul)’ ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မူဆလင်ဘာသာဝင်အမတ်တစ်ဦးသာဖြစ်ကြောင်း ထည့်သွင်း ဟောပြောခဲ့သောကြောင့် ၎င်းအဆိုနှင့် ပတ်သက်၍ အမှန်ဖြစ်နိုင်လောက်သောပညာရှင်များ၏ တွေ့ရှိချက်များ၊ စာအုပ်စာတမ်းများကို ကိုးကား၍ တင်ပြလိုခြင်းပင် ဖြစ်ပါသည်။


ပထမဦးစွာဆရာတော်ဘုရားကြီးကို စာရေးသူ အလွန်ကြည်ညိုလေးစားအားကျကြောင်း ပြောလိုပါသည်။ စာရေးသူသည်ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဆရာတော်ကြီး၏ စကားမှ အမှားတစ်ခုကိုပြန်လည်ထောက်ပြခြင်းမပြုလျှင် နောင်တစ်ချိန်တွင် မလိုသူများ၏ ကိုးကားစရာ၊ အမြတ်ထုတ်စရာဖြစ်သွားစေနိုင်ပါသည်။ သို့သော် ဆရာတော်ဘုရားအနေဖြင့် ‘ပညာရှိသတိဖြစ်ခဲ’ ဆိုသကဲ့သို့ပမာဒလေခသဘော မှားသွားခဲ့သည်ဟုသာ စာရေးသူ ယူဆမိပါသည်။

အဒူမင်းညိုလော၊ဖဒူမင်းညိုလော၊ ဘဒူမင်းညိုလော

ရခိုင်သမိုင်းသုတေသီဆရာထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) ၏ ရခိုင်မင်းသမီးဧချင်း (သို့မဟုတ်) မောက်တော်ဧေးခြင်း(ရမ်းဗြဲသရက်ချောင်းပေမူ) စာအုပ်(၁၉၉၀- ခုနှစ်ထုတ်) မာတိကာမတိုင်မီ စာမျက်နှာတွင် ရခိုင်မင်းသမီးဧချင်း၏မူကွဲများကို အောက်ပါအတိုင်း တင်ပြထားပါသည်။
(၁)ပ = နိုင်ငံတော်ပိဋကတ်တိုက်၊ ပထမပေမူ၊
(၂)င = နိုင်ငံတော် ပိဋကတ်တိုက်၊ ဒုတိယပေမူ၊
(၃)လ = ပုဂံဝန်ထောက်မင်း၏ လက်ရေးမူ၊
(၄)မ = ဦးမေအောင်မူ၊
(၅)ဟံ = ဟံသာဝတီမူ၊
(၆)ရွှေ = ရွှေစေတီမူ နှင့်
(၇)ရမ်းဗြဲသရက်ချောင်းမူ - ဟူ၍ မူကွဲ (၇) မျိုးရှိသည်ဟု ဆိုပါသည်။

ဤတွင်ရခိုင်မင်းသမီးဧချင်းသည် မြန်မာဧချင်းများတွင် အစောဆုံး၊ အကောင်းဆုံးဧချင်းဖြစ်သည်ဟုပညာရှိများက လက်ခံထားကြကြောင်းလည်း သုတေသီများက ထောက်ခံကြသည်။ ဧချင်းစာဆို အမည်ကိုရမ်းဗြဲသရက်ချောင်းပေမူတွင် ‘အမတ် ပဒူမင်းညိုဝ် စပ်သည်’ ဟု ပါရှိကြောင်း သုတေသီ ဆရာဦးထွန်းရွှေခိုင်(မဟာဝိဇ္ဇာ) က ‘ရခိုင်စာဆိုတော်များ’ စာအုပ်၊ စာမျက်နှာ (၃၂) တွင် ရေးသားထားသည်။

မိမိမှာလေ့လာသူတစ်ဦးသာ ဖြစ်ပြီး၊ မြန်မာစာပေပိုင်းကို နှံ့စပ်သူ မဟုတ်သောကြောင့် ရခိုင်မင်းသမီးဧချင်းနှင့်ပတ်သက်၍ မရေးလိုပါ။ မိမိအဓိကတင်ပြလိုသည်မှာ အဒူမင်းညို၏ အမည်နှင့် ပတ်သက်၍ သုတေသီများ၏လေ့လာချက်များကို နှိုင်းယှဉ်တင်ပြပြီး၊ အမည်မှန်ကို တင်ပြနိုင်ရန်သာ ဖြစ်ပါသည်။ ရခိုင်မင်းသမီးဧချင်းမူကွဲ(၇) မျိုးရှိသည့်ဆိုသော်လည်း စာရေးသူ လက်ထဲတွင် ဟံသာဝတီတိုက်ထုတ်မူနှင့် ရမ်းဗြဲသရက်ချောင်းပေမူတို့သာရှိပါသည်။ ထို့ကြောင့် ထိုမူနှစ်ခုပါ စာဆိုအမည်နှင့် ပတ်သက်သော တင်ပြချက်များကိုလည်းထည့်သွင်းဆွေးနွေးသွားပါမည်။

မောင်သုတအမည်ခံဗိုလ်မှူးဘသောင်း၏ ‘စာဆိုတော်များ အတ္ထုပတ္တိ’ စာအုပ်၊ စာမျက်နှာ (၄၆) ပါ စာဆို အဒူမင်းညိုအမည်နှင့်ပတ်သက်၍ တင်ပြရာတွင် “ဤတွင် ‘အဒူမင်းညို’ ဟူသော အမည်နာမနှင့် ပတ်သက်၍စဉ်းစားထိုက်လှသေး၏။ မြန်မာကျမ်းအဖုံဖုံတွင် ‘အဒုမင်းညို’ ဟူ၍လည်းကောင်း၊ ‘အဒူမင်းညို’ဟူ၍လည်းကောင်း၊ ‘အဒူးမင်းညို’ ဟူ၍လည်းကောင်း ရေးသားဖော်ပြလေ့ရှိသော ရခိုင်ပညာရှိအမတ်ကြီး၏အမည်မှာ စင်စစ် ‘အဒူ’ ဟူသော အမည်နှင့် ‘မင်းညို’ ဟူသော အမည်နှစ်ရပ်ကို ဆက်စပ်ခေါ်ဝေါ်ထားခြင်းဖြစ်တန်ရာ၏။အဘယ့်ကြောင့်ဟူမူ ‘အဒု’ (သို့မဟုတ်) ‘အဒူ’ (သို့မဟုတ်) ‘အဒူး’ ဟူသော အမည်မှာ မဟာမက်ဘာသာအမည်ပင်ဖြစ်သည်။ ယခုကာလ ‘အဗ္ဗဒူ’ ဟု ရေးသားခေါ်ဝေါ်လျက်ရှိကြသော အမည်တည်း။ …….ထို့ကြောင့် ‘မင်းညို’ဟု မြန်မာအမည်တွင်သော အမတ်ပညာရှိအား ‘အဗ္ဗဒူ’ (သို့မဟုတ်) ‘အဒူ’ ဟူသော မဟာမက်ဘာသာအမည်နှင့်ထိုခေတ်ထိုအခါက ဓလေ့အတိုင်း ဖက်စပ်ခေါ်ဝေါ်လိုက်ကြခြင်းပင် ဖြစ်ပေမည်။ ” ဟူ၍တင်ပြထားပါသည်။

ဤတင်ပြချက်တွင်“… ဖြစ်တန်ရာ၏။ ……ဖက်စပ်ခေါ်ဝေါ်လိုက်ခြင်းသာ ဖြစ်ပေမည်။” ဟု အဏုမာန မှန်းဆရေးသားထားမှုကိုသတိပြုနိုင်ပါသည်။ ဆိုလိုသည်မှာ စာအုပ်ပြုစုသူ ဗိုလ်မှူးဘသောင်းကိုယ်တိုင်က မသေချာသေး၍ယူဆချက် (သို့) အဆိုကြမ်း (Hypothesis) တစ်ရပ်အနေဖြင့် ချလိုက်ခြင်းသာ ဖြစ်ပါသည်။ အဆိုကြမ်း(Hypothesis) ၏ သဘောမှာ မှား၊မှန် မသေချာသေးဘဲ၊ ဆွေးနွေးဖြေရှင်းရန် ကျန်နေသေးသည် ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။ စာအုပ်ပြုစုသူ၏ စာအုပ်နိဒါန်းအဆုံး ‘၀န်ခံချက်’ တွင်လည်း “…..ဤမြန်မာစာဆိုတော်များ၏အတ္ထုပတ္တိကို ရှာဖွေစုဆောင်း တင်ဆက်လိုက်ရာ၌ ချွတ်ယွင်းတိမ်းစောင်းချက်များ မပါ၊ မရှိဟုကျွန်တော် မဆိုလိုပါ။ ကျေးဇူးရှင် ဆရာသမားများ၏ အထူးထူးသော သြ၀ါဒများကို မပြတ်မလပ်ပင်ခံယူခဲ့ရငြားလည်း နုနယ်နုံနဲ့လှသော ကျွန်တော်၏ တစ်ဦးခေါင်းဖြင့်ပင် ဤမျှကြီးမားလေးလံသောဝန်ကို ကြိုးပမ်းထမ်းရွက်ခဲ့ရခြင်းဖြစ်ပေရာ ထိုချွတ်ယွင်းတိမ်းစောင်းချက်များကား ပါမည်ရှိမည်မှာအမှန်ပင်ဖြစ်ပါသည်။ ” ဟု ပညာရှင်ပီသစွာ ၀န်ခံထားပါသည်။

ဤအတ္ထုပတ္တိစာအုပ်ကိုရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် ဆရာကြီး ဦးဖေမောင်တင် ပါမောက္ခဖြစ်စဉ် ၁၉၅၇ ခုနှစ်၊ဇွန်လတွင် စာအုပ်ပြုစုသူ ဗိုလ်မှူးဘသောင်းက မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ဝင်ရောက်ဖြေဆိုရန်သုတေသနပြုချက်စာစောင်အဖြစ် ဆရာကြီးထံတင်ပြခဲ့ကြောင်း ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ စာအုပ်၏အမှာစာတွင် ဆရာကြီးဦးဖေမောင်တင်ကိုယ်တိုင် ရေးသားခဲ့ပါသည်။

ဤစာအုပ်ကိုမြန်မာစာပါမောက္ခ (ငြိမ်း) ဆရာကြီးဦးခင်အေး (မောင်ခင်မင် (ဓနုဖြူ)) က တည်းဖြတ်ဖြည့်စွက်ပြီး၊ပဉ္စမအကြိမ်ထုတ်ဝေသောစာအုပ်တွင် စာမျက်နှာ (၄၆) ၏ အောက်ခြေမှတ်စု၌ “ရခိုင်မင်းသမီးဧချင်းစာဆိုမင်းညိုသည် တောင်သူလယ်သမား အမျိုးအနွယ်ဖြစ်ကြောင်း၊ ရခိုင်စာဆိုတော် အမတ်ပညာရှိအဖြစ်ထင်ရှားကြောင်း၊ ကုလားတန်မြစ်၏ အရှေ့ဘက်ကို မြှောင်၍ တည်ရှိသော ဖရုံကာကျွန်း သုံးကျွန်းအနက်အလယ်ကျွန်းရှိ ဖဒူရွာတွင် ဖွားမြင်သည့်အတွက် ဖွားရာဇာတိကိုစွဲ၍ ‘ဖဒူမင်းညို’ ဟု ထင်ရှားကြောင်းရခိုင်ပညာရှိဦးအောင်သာဦးက မိန့်ဆိုထားသည်။ ဦးအောင်သာဦးတည်းဖြတ်သော ‘စာဆိုတော်ဖဒူမင်းညို၏ဘစောဖြူမင်းသမီးတော်ဧချင်း’ စကားဦး …ရှု။ (တည်းဖြတ်သူ) ” ဟူ၍ ဖြည့်စွက် ရေးသားထားပြီးဖြစ်ပါသည်။၁၉၅၈-ခုနှစ်တွင် ပထမဆုံးအကြိမ်ထုတ်ဝေခဲ့သော ဆရာကြီးဦးဖေမောင်တင်၏ ‘မြန်မာစာပေသမိုင်း’စာအုပ်တွင်လည်း ‘ရခိုင်ပညာရှိအမတ်ကြီး အဒူမင်းညို’ ဟူ၍သာ ဧချင်းစာဆိုကို ရည်ညွှန်းပါရှိပါသည်။ဧချင်းစာဆို၏ အတ္ထုပ္ပတ္တိနှင့် ပတ်သက်၍ ဆရာကြီးက အနည်းငယ်မျှပင် ဖော်ပြမထားပေ။

(၁၉၆၅)ခုနှစ်တွင် ဟံသာဝတီတိုက်မှ ထုတ်ဝေသော ဟံသာဝတီမူ ရခိုင်မင်းသမီးဧချင်းစာအုပ်၏ စာမျက်နှာ(၇) တွင် အဒူမင်းညိုအကြောင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း တင်ပြထားသည်။ “သက္ကရာဇ်၈၁၇ - ခုနှစ်တွင် ရခိုင်ပြည် ယခုမြို့ဟောင်းခေါ်သော ရှေးအခေါ်မြောက်ဦးမြို့၌ နန်းတက်သောဘစောဖြူမင်းလက်ထက် အဒူမင်းညိုသည် အမတ်ကြီးအဖြစ် ချီးမြှင့်ခြင်းခံရသူဖြစ်သည်။ အဒူမင်းညိုသည်ဘစောဖြူမင်း၏ သမီးတော်အတွက် ဧချင်းစပ်ဆိုခဲ့သည်။ မြန်မာစာပေသမိုင်းတွင် ထိုဧချင်းကိုရခိုင်မင်းသမီးဧချင်းဟုခေါ်သည်။ အဒူမင်းညို၏ ဇာတိဘ၀ဖြစ်စဉ်တို့ကို သုတေသနပြုစရာ ရှိပါသည်။ယခု အချိန်အထိ အဒူမင်းညို၏ အတ္ထုပ္ပတ္တိကို စုံစုံလင်လင် ရှာဖွေမတွေ့သေးပါ။ အဒူမင်းညိုဟူသည်အဗ္ဗဒူမင်းညိုဟူသော ဘွဲ့ဖြစ်ကြောင်းသာ သိရှိရပါသည်။” ဟူ၍ ဖော်ပြထားရာ (၁၉၆၂)ခုနှစ် ရှုမ၀စာအုပ်တိုက်မှ ပထမဆုံးအကြိမ်ထုတ်ဝေသော ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ စာအုပ်ပါအဆိုနှင့် တူညီနေကြောင်းတွေ့ရပါသည်။ ဟံသာဝတီတိုက်ထုတ် ရခိုင်မင်းသမီးဧချင်းကို ‘စာဆိုတော်များအတ္ထုပ္ပတ္တိ’ စာအုပ် ထုတ်ဝေပြီးနောက်       (၃)နှစ်အကြာတွင် ထုတ်ဝေခဲ့သည်ကို သတိပြုကြည့်နိုင်သည်။

၁၉၉၁-ခုနှစ်တွင်ရခိုင်သမိုင်းသုတေသီ ဦးထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) ၏ ‘ရခိုင်စာဆိုတော်များ’ စာအုပ်ထွက်ပေါ်လာပါသည်။၎င်းစာအုပ်တွင် ‘ဘဒူမင်းညိုနှင့် ရခိုင်မင်းသမီးဧချင်း’ ဟူသော ခေါင်းစဉ်ဖြင့် စာမျက်နှာ(၃၁) မှ (၃၅) အထိ အမတ်ကြီးဖဒူမင်းညိုအကြောင်းကို ဖော်ပြထားသည်။ အတိုချုပ်အားဖြင့် ဘစောဖြူမင်း၏သမီးတော် ‘စောရွှေကြာ’ အတွက် ပုခက်တင် ဧယင်ကျူးရန် ဧချင်းစာဆိုတော်ကို နိုင်ငံအ၀ှန်းရှာခဲ့ကြောင်း၊ဖရုံကာအလယ်ကျွန်း (ယခုထိ ဘဒူကျွန်းဟုခေါ်သည်) ဇာတိ ဆင်းရဲသားစာဆို မောင်မင်းညိုက ဧယဉ်တော်ကျူးဧချင်းကိုစပ်ဆိုတင်သွင်း၍ ဘစောဖြူမင်း သဘောကျလွန်းသဖြင့် အမတ်ကြီးရာထူးပေးသည်မှာ ဖြစ်နိုင်ကြောင်း၊‘ပခက်လွဲကိုဝ်အမတ်’ ဟုဆိုသဖြင့် မင်းသမီးငယ်ကို ပုခက်လွဲ ဧယဉ်ကျူးရင့်သည့် အမတ်ပင်ဖြစ်နိုင်ကြောင်း၊‘မှောက်တော်’ ဟူသော စကားလုံးမှာ ရခိုင်တို့တွင် ‘မင်းသမီး’ ဟု အဓိပ္ပာယ်ရကြောင်း ရှင်းပြထားပါသည်။

ရခိုင်သမိုင်းသုတေသီဆရာကြီးဦးရွှေဇံ၏ ‘ရခိုင်သမိုင်းအလင်းပြကျမ်း’ (၂၀၁၁-ခုနှစ်၊ စာ-၇၃၀) တွင်လည်း ‘အဒူမင်းညို(ဘဒူမင်းညို)’ ဟူ၍ ခေါင်းစဉ်ငယ်တပ်ကာ အောက်ပါအတိုင်း ရေးသားထားပါသည်။ “မြောက်ဦးခေတ်တတိယမြောက်မင်းဆက်ဖြစ်သည့် ဘုရင်ဘစောဖြူ မင်းကြီး (အေဒီ-၁၄၅၉) လက်ထက်၌ ထင်ရှားသော လယ်သမားစာဆိုတစ်ဦးဖြစ်သည်။စာပေသမိုင်း၌ -အဒူမင်းညို-ဟူသောအမည်ဖြင့် လူသိများလှသည်။ စာဆိုမှာ ဘားဒူရွာသားဖြစ်၍-ဘဒူမင်းညို-ဟုခေါ်တွင်ရာမှ -အဒူမင်းညို-အမည်ဖြင့်လည်း ထင်ရှားလာခြင်းဖြစ်သည်။ အဒူမင်းညို၏- ရခိုင်မင်းသမီးဧချင်း- သည် အလွန်ထင်ရှားသည်။” ဟူ၍ ဖော်ပြထားပါသည်။ 

(၎င်းဖရုံကာအလယ်ကျွန်းသည်မြေပုံတွင်ကြည့်လိုက်လျှင် ရေပြင်တွင် ဖားတစ်ကောင် ၀ပ်နေသည်နှင့် တူသောကြောင့် ဖားတူကျွန်းဟုခေါ်ကြောင်း၊‘ဖားတူကျွန်း’ မှ အသံထွက်ကို အတည်ယူကာ နောက်ပိုင်းတွင် ‘ဖဒူကျွန်း’ ဟုခေါ်ကြောင်း၊ ၎င်းကျွန်းပေါ်တွင်လည်း‘ဖဒူရွာ’ ဟူ၍ ရွာတစ်ရွာရှိကြောင်း၊ ဖဒူမင်းညိုမှာ ထိုရွာသား ဖြစ်၍ အမည်ရင်း ‘မင်းညို’ရှေ့မှ ‘ဖဒူ’ ဟူသောအမည်ကို ယူထားကြောင်းလည်း မှတ်သားဖူးပါသည်။)

အမည်နာမဟူသည်ခေတ်ကာလကြာပြီး၊ နေရာဌာနပြောင်းသည်နှင့်အမျှ ပြောင်းလဲတတ်သော သဘောမျိုးရှိပါသည်။ ထို့ကြောင့်ဘုရင်ဘစောဖြူ (အေဒီ-၁၄၅၉) လက်ထက်ကတည်းက ခေါ်ဝေါ်ခဲ့လောက်သော ‘ဖဒူမင်းညို (သို့) ဘဒူမင်းညို’သည် ရမ်းဗြဲသရက်ချောင်းပေမူပါအတိုင်း ‘ပဒူမင်းညိုဝ်’ ဟူ၍လည်းကောင်း၊ ‘မြန်မာစာပေသမိုင်း’တွင်တွေ့ရသော ‘အဒူမင်းညို’ ဟူ၍လည်းကောင်း၊ ပြောင်းလဲက ပြောင်းလဲသွားနိုင်ပါသည်။ သို့သော်‘အဗ္ဗဒူ’ ဟူသော မူဆလင်ဘာသာဝင်အမည်ကိုကား မည်သည့်ကျမ်းတွင်မှ အတိအလင်း ရေးသားထားသည်ကိုမတွေ့ရပါ။

အမည်နာမနှင့်ပတ်သက်၍ဆက်စပ်ပြောရလျှင် ဗိုလ်မှူးဘသောင်း၏ ‘စာဆိုတော်များအတ္ထုပ္ပတ္တိ’ စာအုပ်တွင် အဒူမင်းညိုအကြောင်းကိုရေးသားရာ၌ အဒူမင်းညို၏ အရှင်သခင်ဖြစ်သော ဘစောဖြူမင်းမှာ ကလီမာရှား ဟူသောကုလားအမည်ယူခဲ့ကြောင်း၊ဘစောဖြူ၏ ဖခမည်းတော် နရနုမင်းမှာလည်း အလီခင် ဟူသော ကုလားအမည်ယူကြောင်း ဆက်စပ်ပြပြီး၊အဒူမင်းညို သည်လည်း ကုလားအမည်ခံ အမတ်တစ်ဦးဖြစ်သည်ဟု ကောက်ချက်ဆွဲသည်။ အမှန်မှာ ထိုခေတ်ထိုအခါကမြောက်ဦးတွင် စိုးစံသော ဘုရင်များသည် ထိုစဉ်က ဘင်္ဂါ (၁၂) မြို့ဟုခေါ်တွင်ခဲ့သော ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိတ်အပိုင်းအများစုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး၊ မူဆလင်ဘာသာဝင်ဘင်္ဂါ(၁၂) မြို့သားများကို ငြိမ်ဝပ်ပိပြားစွာ အုပ်ချုပ်နိုင်ရန် ရာဇပရိယာယ်ဖြင့် ကုလားအမည်ကိုပါမှည့်ခေါ်ခြင်း ဖြစ်ကြောင်း သုတေသီများက ဖော်ထုတ်သက်သေပြခဲ့ပြီဖြစ်သည်။ သို့သော် ရခိုင်ဗုဒ္ဓဘာသာဘုရင်အမည်မှာပျောက်မသွားပေ။ ထို့ပြင် ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ကြောင်းကိုလည်း ထိုဘုရင်အသီးသီး တည်ခဲ့သောစေတီပုထိုးများက သက်သေတည်နေပါသည်။ အုပ်ချုပ်သူရခိုင်ဗုဒ္ဓဘာသာဝင်ဘုရင်က အုပ်ချုပ်ခံမူဆလင်ဘာသာဝင်များကိုငြိမ်ဝပ်ပိပြားမှုရှိအောင် အုပ်ချုပ်နိုင်ရန် ရာဇပရိယာယ်ကြွယ်ကြွယ်ဖြင့် မူဆလင်အမည်မှည့်ခေါ်လိုက်သော်လည်း အမတ်များကပါ မူဆလင်အမည်ယူရန်ကား အကြောင်းပြချက်မခိုင်လုံဟု ယူဆပါသည်။

ထို့အပြင်အရေးကြီးသော စဉ်းစားစရာတစ်ချက် ကျန်ပါသေးသည်။ အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံတွင် အင်္ဂလိပ်ရှေ့အမည်(သို့) ခရစ်ယာန်အမည် (Surname) ကို ရှေ့မှထား၍ နောက်မှ မြန်မာအမည်ကို ထည့်ကာ မှည်ခေါ်သောအမည်ပိုင်ရှင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး များစွာ ရှိသည်။ ထိုခေတ်အခြေအနေအရ ထိုသို့ထည့်မှခေတ်မီသည် ဟူသော အတွေးမျိုး မိဘအချို့ထံတွင် ရှိနေ၍ ထိုသို့ အမည်ပေးကြခြင်းပင်ဖြစ်သည်။အခုထိပင် ဘိုတစ်ဝက်၊ မြန်မာတစ်ဝက် အမည်ပိုင်ရှင် ဗုဒ္ဓဘာသာများ ရှိနေသေးသည်။ သို့သော်သူတို့အများစုကား ခရစ်ယာန်ဘာသာဝင်များ မဟုတ်ကြပါ။ ဗုဒ္ဓဘာသာဝင်စစ်စစ်များသာ ဖြစ်သည်။ပြောချင်သည်မှာ လူတစ်ဦး၏ အမည်က ထိုလူ၏ ကိုးကွယ်ရာဘာသာကို ညွှန်ပြနေသည်ဟု ယူဆလျှင် မှားနိုင်သည်ဟူ၍ဖြစ်ပါသည်။

စာဆိုသည်မည်သည့်ဘာသာဝင်ဖြစ်သနည်း။ 

ရခိုင်မင်းသမီးဧချင်းစာဆိုဘဒူမင်းညိုသည်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးသာ ဖြစ်ကြောင်း သူရေးဖွဲ့ခဲ့သော ရခိုင်မင်းသမီးဧချင်းစာသားများကသက်သေပြနေပါသည်။ သာဓကအားဖြင့် -
နမောတဿဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” အစချီပြီး အပိုဒ်(၁)တွင် -
ဧ...၊ဧလျက်ပျံ့ပျူး၊ရိုက်ကာကျူးပိမ့်၊ ပေါ်ဦးကမ္ဘာ၊ ကြာငါးပွင့်လိုက်၊ ရောင်မြိုက်ဥာဏ်ဖြူ၊ ငါးဆူရှင်နည်း၊ပွင့်မည်ချည်းတွင်၊မိတည့်မရောက်၊ လေးပါးနောက်ဝယ်၊ ငါးထောက်ထောင်ကာ၊ သာသနာတွင်း၊ ငါးစင်းအမြတ်၊န၀တတ်ရေကျ၊ ငါးရာရသား၊ ကစ္ဆပနဒီ၊ ဤသည်ညာမွန်၊ ယဉ်ထန်တတက်၊ ပင်လယ်ထွက်မှ၊ နှစ်ဘက်ကမ်းပြီ၊ဖြားရေမီဝယ်၊ ရှေ့ဆီပြုဗ္ဗာ၊ အာကာမှီခိုင်း၊ တောင်ပြိုင်းပြိုင်း၌၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ရခိုင်ညွှန့်ဖူး၊ မွန်ကြယ်မြူးသို့၊ မြောက်ဦးရွှေနန်း၊ တည်လတ်ထွန်းသည်၊ ဤကျွန်းဇမ္ဗူထူးတည့်လေ…၊ထူးတည့်မှောက်တော်၊ ဟုတ်တဲ့သြော်၊ ကျော်သည်တစ်ဆူ၊ ဇမ္ဗူဒီပ၊ ကျွန်းလုံးခသည်၊ မင်းတရာ့တည့်သွေး၊မှောက်တော်ထွေး…ဧလည်းယင်ယင်ဧ။ ”-
    ဟုစပ်ဆိုထားပြီး၊ အပိုဒ်(၈) တွင်
နှစ်ကျိပ်ရှစ်ယောက်၊မင်းများနောက်တွင်၊ လက်အောက်အာဏာ၊ စကြာနတ္တ၊ နေလမတူ၊ မဟူမြတ်မော၊ ဥာဏ်ရောင်ပျောလျက်၊ရှင်စောဂေါတမ၊ ပွင့်လတ်ထသည်၊ ဘ၀သုံးထိပ် ဦးတည့်လေ” -
    ဟူ၍လည်းကောင်း၊အပိုဒ် (၉) တွင်
တောင်းပန်သောခါ၊မဟာမုနိ၊ ရှိသည်ယခု၊ ဆင်းရုပ်တုကို၊ ၀ိသုကမ္မ၊ သိကြားမ၍၊ ပဉ္စလောဟာ၊ ရတနာဖြင့်၊ သွန်းကာမဖြစ်၊ခုနစ်လက်ခွေ့၊ ကိုယ်ငွေ့တော်ယူ၊ တည်တော်မူမှ၊ ညီနည်ဘုရား၊ ကိုယ်တော်စားဟု၊ ထားခဲ့သောအား၊သုံးပါးနတ်လူ၊ ကိုးရာမူသည်။ ။နူးတည့်မှောက်တော်၊ ဟုတ်တည့်သြော်၊ ရှင်တော်ကိုယ်စား၊ကိုးရာထား၍၊ သုံးပါးလူနတ်၊ အားလုံးညွတ်သည်၊ အထွတ်တည့်မှန်သေး၊ နှိုင်းမဲ့ဝေး။ ။ဧလည်းယင်ယင်ဧ။”-      ဟူ၍လည်းကောင်း ပါရှိပါသည်။

အထက်ဖေါ်ပြပါအချက်အလက်များအရပဒူမင်းညိုမှာ ဗုဒ္ဒဘာသာဝင် တဦးဖြစ်ကြောင်း သံသယပွါးဘွယ်ရာ မလိုအပ်တော့။ ဗုဒ္ဒဘာသာဝင်ဖြစ်၍သာဧချင်း၌ မြတ်စွာဘုရား ပွင့်တော်မူသည်မှ မဟာမြတ်မုနိဘုရားတည်တော်မူသည့် အချိန်ထိကိုစပ်ဆိုရေးသားခြင်းအား လေ့လာက သိရှိနိုင်သည် ။

စာဆိုသည်မည်သည့်လူမျိုး ဖြစ်သနည်း။

              အပိုဒ်(၃၄) တွင် “ဗင်္ဂါကုလား၊ မြုံသက်သားနှင့်၊ သုံးပါးလုံးပြည်၊ ပုန်လတ်သည်ကြောင့်”ဟု စပ်ဆိုထားရာ၌လည်း ဘစောဖြူမင်းလက်ထက် ပဒူမင်းညို သုံးနုံးသော ဧချင်း မှာ ကုလားဟုသုံးနုံးခြင်းအားဖြင့် မူဆလင်ဘာသာဝင်တိုင်းတပါးသားများကို ရည်ညွှန်းစပ်ဆိုထားခြင်းကိုအလွယ်တကူ သိရှိနိုင်သည်။ ထို့ပြင် ပဒူမင်းညိုသည် ရခိုင်လူမျိုးဖြစ်သောကြောင့်သာ သူ၏ရခိုင်မင်းသမီးဧချင်းတွင်ဗုဒ္ဒဘာသာအခြေခံသော လင်္ကာများကို စပ်ဆိုရေးသားခဲ့ခြင်းသာဖြစ်သည်။

မြောက်ဦးခေတ်၊ဘစောဖြူမင်းလက်ထက် စပ်ဆိုသော ရခိုင်မင်းသမီးဧချင်းမှာ ဘုရင်၏ ဘိုးလောင်းတော်၊ ဘေးလောင်းတော်တို့နှင့်တကွဗုဒ္ဓဘာသာအပါအ၀င် ရခိုင်ထီးနန်း၊ မြို့တည်အင်္ဂါရပ်နှင့်အညီ ပြည့်စုံစေသော မင်္ဂလာဧချင်းတစ်ပုဒ်ကိုရခိုင်လူမျိုးမှသာ ရေးစပ်နိုင်စွမ်း ရှိပေလိမ့်မည်ဖြစ်သည် ။ မည်သည့် ပြင်ပလူမျိုးကမျှရေးသားစီကုံးစပ်ဆိုနိုင်မည် မဟုတ်ပါချေ။

နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ ဖဒူမင်းညို၏ ဇာတိဖြစ်သော ပေါက်တောမြို့နယ်၊ ဖဒူကျွန်း၊ ဖဒူရွာတွင် စာဆို၏ကုသိုလ်တော် ဘုရားဆင်းတုရှိသည်ဟူ၍ ပြောကြသည်ကို ကြားဖူးပါသည်။ ထိုဘုရားဆင်းတုတော်ကိုဖဒူမင်းညိုကိုယ်တိုင် သွန်းလုပ်လှူဒါန်းခဲ့သည်ဟူ၍ အထောက်အထား ခိုင်ခိုင်မာမာ တွေ့ရပြီဆိုလျှင်ဖဒူမင်းညိုသည် ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ကြောင်း ပိုမို ခိုင်မာစွာ သက်သေပြနိုင်ပါလိမ့်မည်။သို့သော် ၎င်းသက်သေကို ယခု မတင်ပြနိုင်သေးသည့်တိုင် ဖဒူမင်းညိုသည် အစ္စလာမ်ဘာသာဝင်တစ်ယောက်မဟုတ်ဘဲ၊ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်တစ်ဦးသာဖြစ်ကြောင်း ယုံကြည်စွာ ပြောဆိုရေးသားနိုင်လောက်ပြီဟုယုံကြည်မိပါသည်။
                                                                                   

                                                                    ဇွဲသစ် (ရမ္မာမြေ)
                                                                    ၃.၄.၂၀၁၃(ဗုဒ္ဓဟူးနေ့)


ကျမ်းကိုးစာရင်း

၁။ထွန်းရွှေခိုင်၊ ဦး (၁၉၉ဝ) ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း။ ငွေပဒေသာပုံနှိပ်တိုက်၊ရန်ကုန်မြို့။
၂။ထွန်းရွှေခိုင်၊ ဦး (၁၉၉၁) ဘဒူမင်းညိုနှင့်ရခိုင်မင်းသမီး ဧချင်း၊ ရခိုင်စာဆိုတော်များ၊ တင်ဝင်းပုံနှိပ်တိုက်၊ ရန်ကုန်မြို့။
၃။ဖေမောင်တင်၊ ဦး (၁၉၈၇) ၊ မြန်မာစာပေသမိုင်း၊ စတုတ္ထအကြိမ်၊ ခေတ္တရာစာအုပ်တိုက်။
၎။ဘသောင်း၊ ဗိုလ်မှူး (၂၀၀၂) စာဆိုတော်များအတ္ထုပ္ပတ္တိ၊ ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ်။
၅။ရွှေဇံ၊ ဦး (၂၀၁၁) ရခိုင်သမိုင်းအလင်းပြကျမ်း၊ Nirankar Printing Press, Pandeypur,Varanasi, (India).
၆။အဒူမင်းညိုေ၏ ရခိုင်မင်းသမီးဧချင်း၊ ဟံသာဝတီတိုက်ထုတ်၊ (၁၉၆၅)ခုနှစ်။
၇။Leider, J. P. (1998)‘These Buddhist Kings with Muslim Names – A Discussion of Muslim Influence inthe Muauk U period’ in: Etudes birmanes en homage a Denise Bernot. Paris: EFEO,pp. 189-215.

၈။Rakhine Literature aေnd Cultural Association (2011) Statement ofCondemnation-cum-Protest Against a Singular Bengali Group’s Misuse of the Term“Arakan”, Legally Belonged to Rakhines and Rakhine State of Union of Burma


(၂၀၁၃ ခုနှစ်၊ ဝံသရက္ခိတမဂ္ဂဇင်းတွင် ဖော်ပြပြီး)

No comments:

Post a Comment