Friday 27 November 2015

နှစ်သက်မိသော စကားလေးတစ်ခု (၁)


ဘယ်သူက ပြောခဲ့တယ်လို့မသိတဲ့ စကားလုံးလေးတစ်ခု။
Victory is within our reach! တဲ့။
အောင်မြင်မှုသည် ကျွန်တော်တို့၏ လက်တစ်ကမ်းအလိုတွင်ရှိသည် လို့ ဘာသာပြန်မိတယ်။
ဒီစကားလေးက ကျွန်တော် ၂၀၀၃ ခုနှစ် တက္ကသိုလ်ဝင်တန်းတက်စဉ် အားဖြစ်စေခဲ့တယ်။

ကျွန်တော်ဒီစာလေးကိုတွေ့တာ ကျွန်တော့်ကို ကျုရှင်သင်ပေးတဲ့ ဆရာ့အိမ် ဝရန်တာရဲ့ အမိုးသစ်သား တန်းလျှောက်ပေါ်မှာပါပဲ။
အဲဒါကိုတွေ့ကတည်းက ကျွန်တော် စဉ်းစားတယ်။ 
စဉ်းစားလေလေ ဒီစာသားလေးက ကျွန်တော့်အတွက် တန်ဖိုးရှိလေပါပဲ။
အောင်မြင်မှုဟာ လက်တစ်ကမ်းအလိုမှာ ရှိတယ်တဲ့။
ဟုတ်တယ်။ အောင်မြင်မှုက ဒီလောက်နီးနီးကပ်ကပ် ရှိနေပေမယ့် ကျုပ်တို့တွေ မမြင်နိုင်ကြဘူး။
ဘာကြောင့် မမြင်နိုင်ကြတာလဲ။
ဖြစ်နိုင်တာကတော့ ပျင်းလို့ဖြစ်မှာပေါ့။
အောင်မြင်မှုဆိုတာ လက်တစ်ကမ်းအလိုမှာ ရှိတယ်ဆိုပေမယ့် ဘာကြောင့် ကျုပ်တို့တွေ လက်လှမ်းမယူဖြစ်ကြသလဲ။ 
မအောင်မြင်ချင်ကြလို့လား။
ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ။
မအောင်မြင်၊ မကြီးပွားချင်သူတွေ ဒီလောကမှာ တကယ်ကော ရှိလို့လား။
တချို့တွေကျတော့ သူ့လိုလည်း ငါအောင်မြင်နိုင်ပါတယ်။ ငါမလုပ်လိုက်လို့ပေါ့...။ သူ့လို ကြိုးစားခဲ့လို့ကတော့... ။ 
ဒီလိုတွေ ပြောပြောတတ်ကြတယ်။
ဒါပေမယ့်...ငါက သူ့လို မလုပ်ခဲ့လို့ ငါက သူ့လို မအောင်မြင်တာပါလားလို့ သူခမျာ သင်ခန်းစာ မယူတတ်ရှာဘူး။ သနားစရာလူသားတွေပါပဲ။
ပြောရရင်... ဒီစာသားလေးကို ကျွန်တော် လေးနက်စွာ ခံယူဖြစ်ခဲ့တယ်။ 
ဒီထဲက ကျွန်တော် ကြိုးစားဖို့ ခွန်အားတွေ ရခဲ့တယ်။
စာကြည့်စားပွဲရှေ့မှာ နံရံပေါ်မှာ ဒီစာလေးကို အသေအချာ ရေးပြီးကပ်ဖြစ်တယ်။ နေ့တိုင်းစာကျက်ခါနီးမှာ ဒီစာသားကို ရွတ်ဆိုဖြစ်ခဲ့တယ်။
ရွတ်ဆိုရင်း ကြိုးစားလိုစိတ်တိုးပွားခဲ့တယ်။ ဇွဲ၊ လုံးလ၊ ဝီရိယတွေဆိုတာလည်း ကျွန်တော့်ကိုယ်တွင်း အလိုလို စီးဆင်းနေသလို ဖြစ်ခဲ့တယ်။
အဲဒီလို ကြိုးစားဖြစ်လို့လည်း အရမ်းကို စာညံ့သူတစ်ယောက်က စာတော်သူတစ်ယောက် ဖြစ်လာခဲ့တယ်။
အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့တယ်။ ဆက်ပြီးလည်း လက်တစ်ကမ်းမှာ ရှိတဲ့အောင်မြင်မှုတွေကို လှမ်းယူဆုပ်ကိုင်နိုင်အောင် ကြိုးစားနေဆဲပါ။ 
ကျွန်တော့်အနေနဲ့ ကိုယ်ရည်သွေးနေတာမဟုတ်ပါဘူး။ ကိုယ်ရည်သွေးဖို့လည်း မရည်ရွယ်ပါ။
စာလေးတစ်ကြောင်းကို တကယ်လေးနက်စွာ တွေးယူဆင်ခြင်ပြီး လက်တွေ့ဘဝမှာ အသုံးချဖြစ်ခဲ့ရင် လူညံ့တစ်ယောက်ကိုတောင် တော်သူတစ်ယောက်ဖြစ်နိုင်တယ်၊ ကိုယ်ရည်ကိုယ်သွေးမရှိသူတစ်ယောက်ကိုတောင် ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို တင်ပြချင်တာပါ။
စာတစ်ကြောင်းကြောင့်တောင် ဒီလောက် အကျိုးရှိရင် စာကောင်းပေကောင်းများများ ဖတ်ရှုပြီး လက်တွေ့ဘဝမှာ တကယ် သုံးဖြစ်သူတွေဆိုရင် ဘယ်လောက်များတောင် လူတော်တွေ ဖြစ်ကြလေမလဲ။
စာပေကျေးဇူးက အရမ်းကြီးမားပါတယ်။
စာကရတဲ့ အသိတွေက လက်တွေ့ဘဝမှာ လျှောက်လှမ်းဖို့ အားအဖြစ်မွေးနိုင်ပါတယ်။ လမ်းညွှန်အဖြစ် သုံးနိုင်ပါတယ်။ ဆရာတင်နိုင်ပါတယ်။
အသိအမြင်လေးတစ်ခုကို မျှဝေပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ 
လူတိုင်း အောင်မြင်သူများဖြစ်ကြပါစေ။ 
(ဒီစာလေးနဲ့ ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ်က ကျွန်တော့်ဆရာကိုလည်း ရည်မျှော်ကန်တော့လိုက်ပါတယ်။)

လေးစားလျှက်
ဇွဲသစ် (ရမ္မာမြေ)
၂၂၊ ၅၊ ၂၀၁၃ (ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment