![]() |
Photo credit: http://stuffpoint.com/spongebob-square-pants/image/69825/xgn-picture/ |
(၁၁) ကဲ … မှတ်ကရော
++++++++++
လေးတောင်နယ်ရဲ့ ရွာတစ်ရွာမှာ အသက် ရှစ်ဆယ်ကျော်အရွယ်
အဘွားတစ်ယောက် ရှိပါတယ်။ သူ့မှာ သား၊သမီးတွေလည်း ချမ်းချမ်းသာသာ ရှိကြတယ်။ သား၊ သမီးတွေက
မြို့ပေါ်မှာဆိုတော့ အမေကို သူတို့နဲ့ အတူ ခေါ်ထားကြတယ်။ အမေကလည်း သား၊သမီးတွေနဲ့ အေးအေးလူလူ
နေတယ်။ အပူအပင် မရှိဘဲ စိတ် ချမ်းချမ်းသာသာ နေရတယ်။ ခေတ်ပေါ် ကိုးရီးယားဇာတ်လမ်းတွဲတွေကိုလည်း
သူ ကြည့်ဖြစ်သပေါ့လေ။
တစ်နေ့ကျတော့ ကိုးရီးယားဇာတ်ကားတစ်ကားကို ကြည့်နေတုန်း
သူက သမက်ဖြစ်သူကို လှမ်းပြောတယ်။
“ဟေ့ … မောင်ကြည် … ဒီ ကောင်မလေးတွေက အဝတ်အစားလည်း
မလုံ့တလုံနဲ့ ငါတော့ မျက်စိအမြင် ဆင်းရဲလိုက်တာအေ။ ဘယ်လိုလုပ်လိုက်ရင် ကောင်းမလဲ မသိဘူး
… “ တဲ့…။
ဒီတော့ ရွှတ်နောက်နောက် ပြောတတ်တဲ့ သမက်ဖြစ်သူက
သူ့ကို ပြန်ပြောတယ်။
“ဟာ … အမေကလည်း လွယ်ပါတယ်။ ထိုင်ရှိခိုးလိုက်ရင်
ပျောက်သွားမှာပါ။ လုပ်လိုက် … လုပ်လိုက် …“ တဲ့။
ဒီတော့ အဘွားကလည်း တကယ်ပဲ ဗွီဒီယိုဖက်ကို လှည့်၊
ပုဆစ်ဒူးတုပ်ထိုင်ပြီး၊ ရိုရိုသေသေ ဦးချကန်တော့လိုက်ပါသတဲ့ …။
ဒီအချိန်မှာပဲ အဲဒီ အတိုဝတ်မင်းသမီးတွေရဲ့
ဇာတ်ဝင်ခန်း ပြီးသွားပါလေရော …။
အဘွားလည်း ထိုင်ကန်တော့အပြီး ခေါင်းကို မော့အကြည့်
… အံ့သြသင့်သွားတယ်။
“ဟာ … နင် တယ်တော်ပါလား။ တကယ့်ကို ဟိုကောင်မလေးတွေ
ပျောက်သွားပြီ။ ထိုင်ရှိခိုးတဲ့ ဒဏ် သင်းတို့ ခံနိုင်မတဲ့လား … ကဲ … မှတ်ကရော … “ လို့
ပါးစပ်က အားပါးတရ ရေရွတ်လိုက်ပါသတဲ့…။
(၁၂) စက်ပျက်ရင် အကောင်းသား
…………………………………
ဆရာဦးမောင်ညိုက စတုတ္ထတန်း ကျောင်းသားများကို
စာသင်နေသည်။ ထိုစဉ် မောင်မြ၊ မောင်လှနှင့် မောင်ဖြူတို့က စကားပြောနေကြသည်ကို တွေ့သွားသဖြင့်
ဆရာက ယောက်ျားလေးများကို ပေးနေကျအပြစ်ပေးမှုပုံစံအတိုင်း အပြစ်ပေးသည်။ သူ့အပြစ်ပေးမှုပုံစံမှာ
ကိုယ်ပိုင်ပုံစံဖြစ်သည်။ လေးတောင်နယ်၏ ပထဝီအနေအထားနှင့်လည်း ဆက်စပ်နေသည်။ ၎င်းမှာ လေးတောင်နယ်နှင့်
ကျောက်ဖြူအပိုင် ကင်းနယ်အစပ်ရှိ “ဆန်တင်မော်“ ဟူသော ငါးလုပ်ငန်းလုပ်ရာ အဓိကနေရာကြီးတစ်ခုမှ
ရွာကျောင်းအထိ ပြစ်ဒဏ်ကျကျောင်းသားများကို ဆိုင်ကယ်မောင်းခိုင်းခြင်းပင်။ ကျောင်းသို့ဆိုင်ကယ်ရောက်မှ
အပြစ်ဒဏ်က လွတ်မည်ဖြစ်သည်။
ဆိုင်ကယ်ဆို၍ တကယ့်ဆိုင်ကယ်မဟုတ်။ ပုံပြင်ထဲကအတိုင်း
တန်ခိုးရှင်များသာ မြင်နိုင်စွမ်းရှိသည်ဆိုသော ဆိုင်ကယ်မျိုး ဖြစ်သည်။ ထိုမမြင်ရသော
ဆိုင်ကယ်များကို ပြစ်ဒဏ်ကျကျောင်းသားများက ကိုယ်စီ ခန္ဓာကိုယ်လေး မတ်တပ်၊ ခါးကို ရှေ့သို့
(၄၅) ဒီဂရီ ကုန်းကွ၊ ဒူးဆစ်လေးကို ကွေ့၊ လက်နှစ်ဖက်က ဆိုင်ကယ်လက်ကိုင်တစ်ဖက်တစ်ချက်ကို
ဟန်ပါပါ ကိုင်တွယ်ဟန်ပြုလျက်မှ ပါးစပ်ဖြင့် ဆိုင်ကယ်မောင်းသံ တဝူးဝူးပြု၍ စီးရသည်။
ဆရာဦးမောင်ညို၏ နာမည်ကျော် ပြစ်ဒဏ်ပေးမှုပုံစံအတိုင်း ကျောင်းသား (၃) ယောက် ဆိုင်ကယ်မောင်းရလေပြီ။
ခဏအကြာမှာ …
ဆရာ။ ။ မောင်မြ၊ မင်း အခု ဘယ်နားရောက်ပြီလဲကွ။
မောင်မြ။ ။ ဟုတ်ကဲ့။ ကျွန်တော် နဂါးရွာထဲကို
ဝင်ခါနီးပါပြီ … ဆရာ။
ဆရာ။ ။ အေး … အေး။ ကောင်းပြီ။ ဆက်မောင်းထား။
ကဲ … မောင်လှကော။ ဘယ်နား ရောက်ပြီတုန်း။
မောင်လှ။ ။ ကျွန်တော် ဇရပ်ပြင်ရွာဘက်က လာနေပါတယ်
ဆရာ။ ဇရပ်ပြင်ရွာထဲ ရောက်ပါပြီ။
ဆရာ။ ။ အင်း …။ သိပ်မလိုတော့ဘူးပဲ။ ဆက်မောင်းထား။
ကဲ … မောင်ဖြူကော။ ဘယ်မှာလဲ။
မောင်ဖြူ။ ။ ဆရာရေ။ ကျွန်တော် ဆန်တင်မော်မှာပဲ
ရှိသေးတယ်။
ဆရာ။ ။ ဟေ … မင်းက ဘာလုပ်နေတာလဲကွ။ သူများတွေ့
ရှေ့ရောက်သွားပြီ။ အခုထိ မင်း ဂိတ်က မထွက်ရသေးဘူး။ ကဲ … ကဲ … စထွက်တော့ …။
မောင်ဖြူ။ ။ ဟုတ်ကဲ့ … ဆရာ။
(၂) မိနစ်ခန့် ကြာပြီးနောက်တွင် …
ဆရာ။ ။ ကဲ … မောင်မြ။ ဘယ်ရောက်ပြီလဲ။
မောင်မြ။ ။ ဟုတ်ကဲ့ … ဆရာ။ ကျွန်တော် အခု ဇရပ်ပြင်ရွာ
ဘောလုံးကွင်းကို ဖြတ်မောင်းနေပါတယ်။
ဆရာ။ ။ အေး … ဟုတ်ပြီ။ ဆက်မောင်းထား။ မောင်လှကော
။ အခု ဘယ်ရောက်ပြီလဲ။
မောင်လှ။ ။ အခု ကျွန်တော် ကွမ်းအိုင်ရွာထဲ
ဝင်လာနေပါပြီ … ဆရာ။
ဆရာ။ ။ အိုကေ။ ဆက်မောင်းကွာ။ ကဲ … မောင်ဖြူကော။
ဘယ်ရောက်ပြီလဲ။
မောင်ဖြူ။ ။ ဆရာရေ …။ ပြောကို မပြောချင်တော့ပါဘူးဗျာ။
ဆန်တင်မော်မှာပဲ ရှိပါသေးတယ် ခင်ဗျ။
ဆရာ။ ။ ဟေ … မင်းဟာက အထူးအဆန်းပါလားကွ။ ဘာဖြစ်လို့တုန်း။
မောင်ဖြူ။ ။ မပြောချင်ပါဘူး ဆရာရယ်။ ဆိုင်ကယ်စက်ပျက်နေလို့
နေရာကကို မရွှေ့နိုင်တာပါ။ ဟူး …။
ဆရာ။ ။ မင်းက တကယ် ဒုက္ခရောက်နေတာကိုး။ ဒီပုံစံနဲ့
ဒီနေ့ မင်း ကျောင်းကို ပြန်ရောက်တော့မှာ မဟုတ်ဘူး။ ကဲ … ကဲ… မင်း ထိုင်တော့။
ဤသို့ဖြင့် မောင်ဖြူတစ်ယောက် ပထမဦးစွာ ထိုင်ခွင့်ရခဲ့သည်။
(၁၀) မိနစ်ခန့်ကြာပြီးမှ မောင်မြနှင့် မောင်လှတို့၏ ဆိုင်ကယ်များ ကျောင်းသို့ ဆိုက်ရောက်လာခဲ့သည်
ဟူသတတ်။
By: ဇွဲသစ် (ရမ္မာမြေ)
၂၂၊ ၁၀၊ ၂၀၁၃
No comments:
Post a Comment