Tuesday 24 November 2015

Dragon of the Mangroves (Yasuyuki Kasai) (လမုတောမှ ရေနဂါး) (ဇာတ်လမ်းအကျဉ်း)

အခန်း (၁) ၀၈၃၀၊ ဖေဖော်ဝါရီ (၁၆) ရက်နေ့
++++++++++++++++++++++++

            ဒုဗိုလ် ယိုရှီဟီဆာစုမီတို့ဧ။် သံချပ်ကာဒုတိယတပ်စု ရခိုင်ရိုးမကို ဖြတ်ကျော်ပြီးနောက် တောင်ကုတ်မြို့သို့ ရောက်သည်။ တောင်ကုတ်မြို့ရှိ အမှတ် (၁၂၁) ခြေလျင်တပ်ရင်းသို့ ၄င်းတို့တပ်စု သတင်းပို့ပြီး မကြာမီတွင် ရမ်းဗြဲကျွန်းပေါ်သွားရောက်၍ အမှတ် (၁၂၁) ခြေလျင်တပ်ရင်းဧ။် ဒုတိယတပ်ရင်း ကို ကယ်တင်လာရန် တာဝန်ပေးအပ်ခြင်းခံရသည်။


            လက်နက်ခဲယမ်းများ ထုတ်ယူပြီးနောက်တွင် တပ်စုဝင်များနှင့် စုမီကိုယ်တိုင် မြန်မာဝတ်စုံဝတ်ပြီး ညအမှောင်ထုကို အားပြုကာ ဒေသခံများထံမှ ငှားထားသောစက်လှေ (၅) စီးဖြင့် တောင်ကုတ်မှ ထွက်လာကြသည်။ သူတို့နှင့်အတူ  စုမီတို့အခေါ် “ဘုန်းကြီး” ဟူသော သံတွဲဇာတိ ဘီအိုင်အေတပ်သား တစ်ယောက်လည်း ပါသည်။ စစ်ရေးအတွေ့အကြုံများသော်လည်း လူ့ဂွစာအဖြစ် နာမည်ဆိုးဖြင့် လူသိများသော တပ်ကြပ်ကြီး ရှီမိစုလည်းပါသည်။ မြန်မာစကားကျွမ်းကျင်စွာ ပြောတတ်သော တပ်သားယိုရှိုကာလည်းပါသည်။ သူတို့ဧ။်အစီအစဉ်မှာ ထိုညတွင် ဒေသခံတံငါသည်များအဖြစ် ရုပ်ဖျက်၍  ဟေးဝုရေလက်ကြား(Heywood Channel)အတိုင်း အမြန်နှုန်းဖြင့် စက်လှေခုတ်မောင်းသွားမည်။ ထိုမှ အိန္ဒိယသမုဒ္ဒရာဘက်သို့ ဦးတည်သွားဟန်ဆောင်၍ မဒဲကျွန်းတောင်ဘက်သို့ ဆက်လက်ခုတ်မောင်းမည်။ လူသူမရှိသော တိုက်ကျွန်းကို ဖြတ်မောင်းအပြီးတွင် မြောက်ဘက်သို့လှည့်၍ မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းအကြားတွင်ရှိသော မာန်အောင်ရေလက်ကြားသို့ ကတိုက်ကရိုက် ဝင်မည်။ ထို့နောက် ရမ်းဗြဲကျွန်းဧ။်တောင်ဘက်စွန်းရှိ အငူမော်တွင် ကမ်းကပ်မည်ဟူ၍ဖြစ်သည်။ စီစဉ်ထားသည့်အတိုင်း အငူမော်အနီးရှိ ဥဂ္ဂါရွာတွင် သူတို့ ဘေးကင်းစွာ ကမ်းကပ်နိုင်ခဲ့ကြသည်။ လမ်းတွင် စက်လှေမီးပိတ်ပြီး ခုတ်မောင်းနေချိန် မဟာမိတ်ဗုံးကြဲလေယာဉ်များ ခေါင်းပေါ်မှ ကပ်၍ ပျံသန်းသွားကြသော်လည်း သူတို့ကို သတိမပြုမိခဲ့ခြင်းကြောင့်သာ အသက်ဘေးမှ သီသီကလေး လွတ်သွားခဲ့ကြခြင်းဖြစ်သည်။ ဥဂ္ဂါရွာတွင် ကမ်းတက်ပြီးနောက် လှေပဲ့ကိုင်မြန်မာငါးဦးနှင့်အတူ မြန်မာစကား ရေရေလည်လည် ပြောတတ်သော ယိုရှိုဒါကို သူတို့ပြန်လာသည်အထိ စောင့်နေရန်နှင့် ဒေသခံများ သံသယမဖြစ်စေဖို့ သတိနှင့် နေထိုင်ရန် မှာကြားခဲ့ပြီး ဒုဗိုလ်စုမီတို့တပ်စု ရန်းသစ်ကြီးရွာဆီသို့ ဦးတည်လျက် ခြေလျင်ခရီးနှင်ခဲ့ကြသည်။ ထိုအချိန်ကား (၁၉၄၅) ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ဖြစ်သည်။
xxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၂) တောင်ကုန်းအမှတ် (၃၅၃)၊ ဇန်နဝါရီ (၂၁) ရက်နေ့
+++++++++++++++++++++++++++++++++

            (၁၉၄၅) ခုနှစ်၊ ဇန်နဝါရီ (၁၆) ရက်နေ့။ ကျောက်ဖြူမြို့နှင့်မဝေးလှသော မင်းပြင်ကမ်းရိုးတန်း အနီးမှ တောင်ကုန်းအမှတ် (၃၅၃) တွင် တပ်စွဲထားသော အမှတ် (၆) တပ်တွင် ရောက်ရှိတာဝန်ထမ်းဆောင်နေရသော စက်သေနပ်တပ်စုမှ တပ်ကြပ်ကြီး တိုမီတာနှင့် အဆင်မြင့်တပ်သား ကာစုဂါတို့မှာ ဒေသတစ်ခုတည်းမှ လာသူများပီပီ အလွန်ရင်းနှီးကြသည့် ဆရာတပည့်နှစ်ဦးဖြစ်ဧ။်။ ကာစုဂါမှာ ရေခပ်သွားရင်း မိကျောင်းတစ်ကောင်ကို မြင်မိ၍ အလွန်ကြောက်ရွံ့ခဲ့မိသည်။ ပျောက်ဆုံးသွားသော ဂျပန်တပ်သားတစ်ဦးကိုလည်း မိကျောင်းစားသွားခြင်းဖြစ်မည်ဟု ရခိုင်လူမျိုးရွာသူကြီးက ပြောသည်။ ကာစုဂါ မယုံကြည်နိုင်ခဲ့။ ယခုမူ ယုံကြည်ရတော့မလိုလို ဖြစ်မိသည်။ ရေခပ်ရာမှအပြန်တွင် တောင်ကုန်းအမှတ် (၃၅၃) တွင် မိမိတို့တပ်သားများ မျက်နှာသုန်သုန်မှုန်မှုန်ဖြင့် တာဝန်ကျရာဖက်ဆီသို့ ကတိုက်ကရိုက် သွားနေကြသည်ကို တွေ့ရသည်။ မိမိစတည်းချသောနေရာသို့ ရောက်သောအခါ ကာစုဂါဧ။်အဖော်တပ်သားက ဆီး၍ပြောလာသည်။ ကျောက်ဖြူတွင် မဟာမိတ်တပ်များ စခန်းချတပ်စွဲတော့မည်ဟူ၍ပင်။ ကျောက်ဖြူမြို့အလွန် ဘင်္ဂလားရေပြင်တွင် မဟာမိတ်စစ်သင်္ဘောများ ကျောက်ချရပ်နားထားသည်ကိုလည်း တွေ့ရကြောင်း ပြောသည်။ သူတို့ဧ။်ဆရာ တပ်ကြပ်ကြီးတိုမီတာ ရောက်လာသောအခါ အခြေအနေကိုသုံးသပ်ကြည့်သည်။ မဟာမိတ်လေယာဉ်များ ကျောက်ဖြူမြို့ဆီသို့ ဦးတည်၍ ခပ်နိမ့်နိမ့် ပျံသန်းသွားကြသည်။ ၄င်းကိုမြင်သဖြင့် တိုမီတာတို့အဖွဲ့ ခပ်မြင့်မြင့်တစ်နေရာဆီသို့ ရွှေ့ကြသည်။ မဟာမိတ်လေယာဉ်များ တစ်ကြိမ်ပျံသန်းလာသောအခါ လေယာဉ်မောင်းသူကို ချိန်ရွယ်၍ ပစ်ခတ်မည့်ဆဲဆဲတွင် အထက်အရာရှိ ဂျင်နိုပေါ်လာပြီး မပစ်ရန်တားသည်။ ထိုသို့ ပစ်လိုက်လျှင် မိမိတို့ ရှိနေသော နေရာကို မဟာမိတ်တို့သိသွားပြီး ဗုံးကြဲတိုက်ခိုက်ကြမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ သို့သော် များမကြာမီ မဟာမိတ်တပ်များက တောင်ကုန်းအမှတ် (၃၅၃) နှင့် ဘေးပတ်ဝန်းကျင်တောင်များကိုပါ ဗုံးကြဲလေတော့သည်။ အမှန်မှာ မဟာမိတ်တပ်များသည် ဂျပန်များ တပ်စွဲထားသောနေရာများကို ကောင်းကင်ဓာတ်ပုံများဖြင့် လျှို့ဝှက်ထောက်လှမ်းသိရှိထားပြီးဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် လက်နက်များနှင့် အခြားသောပစ္စည်းများ ပျက်စီးပြီး မြေကြီးဖုံးသွားသော်လည်း ဗုံးခိုကျင်းများ ကျေးဇူးကြောင့် လူအသေအပျောက် မရှိခဲ့။

            များမကြာမီ သူတို့ဧ။်အထက်အရာရှိ ဂျင်နိုက အမိန့်တစ်ခု ထပ်ပေးပြန်သည်။ ဂုံးချွင်ရွာကို သိမ်းပိုက်ထားပြီဖြစ်သော မဟာမိတ်တပ်များက တောင်ကုန်းအမှတ် (၃၅၃) နှင့် မဝေးလှသော အုန်းတောရွာသို့ ချီလာနေပြီဖြစ်သဖြင့် တပ်ကြပ်ကြီးတိုမီတာတို့ဧ။် စက်သေနတ်တပ်စုက ထိုမဟာမိတ်တပ်ဖွဲ့များကို တားဆီးသုတ်သင်ရှင်းလင်းပစ်ရန် ဖြစ်သည်။ တပ်ကြပ်ကြီးတိုမီတာတို့အဖွဲ့ အစွမ်းကုန် ကြိုးစားတိုက်ခိုက်သော်လည်း လက်နက်အင်အား၊ လူအင်အားနည်းပါးမှုကြောင့် အရှုံးကြီးရှုံးကာ ဆုတ်ခွာလာခဲ့ရသည်။ တောင်ကုန်းအမှတ် (၃၅၃) ကျလေပြီ။

            ထို့နောက် တပ်မှူးဂျင်နိုဧ။်အမိန့်ဖြင့် တိုမီတာတို့ အမြောက်တပ်ဖွဲ့ကို ရမ်းသစ်ကြီးသို့ ချီတက်စေသည်။ တပ်မှူးဂျင်နိုကိုယ်တိုင်မူ အမိန့်ရယူရန် ဌာနချုပ်ပြန်ရမည်ဟု အကြောင်းပြကာ သူတို့နှင့် မလိုက်ခဲ့ပေ။ အားလုံးက တပ်မှူးဂျင်နိုကို ကိုယ်လွတ်ရုန်းသူ၊ တစ်ကိုယ်ကောင်းဆန်သူအဖြစ် သတ်မှတ်ကြသည်။
xxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃) ၁၇၀၀၊ ဖေဖော်ဝါရီ (၁၆) ရက်နေ့
+++++++++++++++++++

            တစ်ဘက်တွင် အမှတ်ခြောက်တပ်ကို ကယ်တင်ရန် ဥဂ္ဂါရွာတွင် ကမ်းတက်၍ ရမ်းသစ်ကြီးသို့ ချီတက်လာကြသော ဒု-ဗိုလ်စုမီတို့တပ်စုမှာ မဟာမိတ်တပ်များ မရှိနိုင်လောက်သော တောတောင်ထူထပ်သည့် လမ်းကြမ်းကိုရွေး၍ လာခဲ့ကြသည်။ လမ်းခရီးတွင် ရေငန်မိကျောင်းများဧ။် ခြေရာများကိုလည်း တွေ့ခဲ့ရပြီး မိကျောင်းအကြောင်းကို စူးစမ်းမေးမြန်းကြသဖြင့် ကျောင်းဆရာဟောင်း တပ်သားက ရှင်းလင်းပြခဲ့ရသည်လည်း ရှိခဲ့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၄) မေဒါတောင်၊ ဖေဖော်ဝါရီ (၄) ရက်နေ့
++++++++++++++++++++++++++

လမ်းခရီးရှိ မေဒါတောင်တွင် တိုမီတာတို့တပ်စု အခြားမိတ်ဖက်တပ်ဖွဲ့တစ်ခုနှင့်ပေါင်းမိသော်လည်း ကျောက်ဖြူမှ ချီတက်လာသော တင့်ကားသုံးစီး ရှေ့ဆောင်သည့် မဟာမိတ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရာ မိမိတို့ဘက်မှ အရှုံးကြီးရှုံးပြန်သည်။ လက်နက်ခဲယမ်းများလည်း များစွာ မရှိတော့။ ကာစုဂါဧ။်ခြေတွင် ဒဏ်ရာအနည်းငယ် ရခဲ့သည်။ ကျဆုံးသွားသောရဲဘော်များဧ။် အကြွင်းအကျန် လက်ရိုးပြာတို့ကို တယုတယ သိမ်းဆည်းပြီး တိုမီတာ၊ ကာစုဂါနှင့် အခြားစက်သေနတ်တပ်သား နှစ်ယောက်တို့ ၁၉၄၅ ခု၊ ဖေဖော်ဝါရီ (၄) ရက်၊ ညအမှောင်ထုကို အားပြု၍ ရမ်းသစ်ကြီးရွာသို့ ဦးတည်ချီတက်ခဲ့ကြသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၅) ၁၁၃၀၊ ဖေဖော်ဝါရီ (၁၇) ရက်နေ့
++++++++++++++++++++++++

စုမီတို့တပ်ဖွဲ့ ဆက်လက်ချီတက်လာရာ တောင်ကုန်းတစ်ခုကို ကျော်ဖြတ်ရသည်။ ထိုစဉ် တပ်သားတစ်ဦး သေနတ်ပစ်ခံရသဖြင့် တစ်ဘက်ရန်သူများကို ရှာဖွေပစ်ခတ်ရာ ငှက်ပစ်ထွက်လာသော အင်္ဂလိပ်လေးဦးကို အသေဖမ်းမိသည်။ ဤတွင် တပ်ကြပ်ကြီးရှီမိစုနှင့် ဒု-ဗိုလ်စုမီတို့ အချင်းများကြသေးသည်။ တပ်ကြပ်ကြီးရှီမိစုက မိမိတို့တပ်သားအလောင်းကို မြှပ်နှံပြီးမှ သွားလိုသည်။ ဒု-ဗိုလ်စုမီကမူ  အနီးအနားတွင် ရှိနေနိုင်သော မဟာမိတ်တပ်သားများ သေနတ်သံကြား၍ လိုက်လာမည်ကို စိုးရိမ်သဖြင့် အလောင်းကို မမြှပ်ဘဲ ခရီးဆက်လိုသည်။ ဤအချက်ကို ကြည့်၍ တပ်ကြပ်ကြီး ရှီမိစုက ဒု-ဗိုလ်စုမီကို သူရဲဘောကြောင်လွန်းသည်ဟု အထင်သေးစိတ်ဝင်မိသည်။ နောက်ဆုံးတွင် ဒု-ဗိုလ်စုမီက တပ်ကြပ်ကြီးရှီမိစုဧ။်ဆန္ဒကို လိုက်လျောလိုက်သည်။ အလောင်းကို မြှပ်နှံသဂြိင်္ုလ်ပြီးနောက်တွင် စုမီတို့တပ်စု ဘုရာကြီးလွင်ပြင်ဆီသို့ ဆင်ခြေလျောအတိုင်း ဆင်းလာခဲ့ကြသည်။

            နေ့အလင်းရောင်အောက်တွင် ဘုရားကြီးလွင်ပြင်ကို အရှေ့မှ အနောက်သို့ ဖောက်လုပ်ထားသော ဘုရားကြီး-ရမ်းဗြဲကားလမ်းကို ပြုပြင်နေကြသော ကုလားများနှင့် အင်္ဂလိပ်လူမျိုးများကို လက်နက်တစ်ချို့နှင့် တွေ့ရသည်။ စုမီ သူတို့ကို အကဲခတ်စောင့်ကြည့်ပြီး ပြန်ရောက်လာသောအခါ ဘုန်းကြီးနှင့်အခြားတစ်ယောက်က တစ်ဘက်တောင်ကုန်းပေါ်တွင် ဂျပန်စစ်သားလေးယောက်ခန့်ကို ရိပ်ခနဲ မြင်လိုက်ကြောင်း ပြောကြသည်။ ရုတ်တရက် စုမီ စိတ်ထဲတွင် ထိုဂျပန်စစ်သား (၄) ယောက်ကို ကယ်တင်ပြီး ဥဂ္ဂါရွာသို့ ပြန်နိုင်လျှင် အကောင်းသားဟူသော အတွေး ပေါ်လာသည်။ တစ်ဘက်တောင်ကုန်းနားရောက်လျှင် သူတို့ကို တွေ့ရတော့မည်ဟူ၍ သူတွေးမိသည်။ ထို့နောက် အမှောင်ထုရောက်အောင် စောင့်ဆိုင်းပြီး စုမီတို့တပ်စု ဘုရားကြီးလွင်ပြင်ကို ကျော်ဖြတ်ခဲ့ကြသည်။ ထိုနေ့ကား ဖေဖော်ဝါရီလ (၁၇) ရက်နေ့ပင် ဖြစ်သည်။
xxxxxxxxxxxxxxxxxxxxx

အခန်း (၆) ရမ်းသစ်ကြီး၊ ဖေဖော်ဝါရီ (၁၆) ရက်နေ့
+++++++++++++++++++++++++++

            ရမ်းသစ်ကြီးရွာ တောင်ကုန်းအမှတ် (၆၀၄) သို့ ဖေဖော်ဝါရီ (၁၂) ရက်နေ့ကတည်းက ရောက်ရှိသွားကြပြီဖြစ်သော တပ်ကြပ်ကြီးတိုမီတာတို့အဖွဲ့မှာ ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် တာဝန်တစ်ခုပေါ်လာသည်။ သူတို့ ထမ်းဆောင်ရမည့်တာဝန်မှာ ပျောက်ဆုံးနေသော အမှတ် (၅) တပ်ဖွဲ့ဧ။် ပ-ဗိုလ်ကီရှီမိုတိုကို ရှာဖွေရန်ဖြစ်သည်။ ၄င်းတို့တပ်စုမှာ ရွံ့နွံများကိုဖြတ်၍ လမုတောတလျောက် ကီရှီမိုတိုကို ရှာဖွေခဲ့ကြသည်။ ကီရှီမိုတိုအလောင်းကို မြင်းခုန်ချောင်းကမ်းစပ်တွင် တွေ့သည်။ ၄င်းကို တွေ့သောအခါတွင် စစ်အသုံးအဆောင်ဘူးတခြား၊ ခြေတခြား၊ လက်တခြား ဖြစ်နေသည်။ ခန္ဓာကိုယ်တွင် အပေါက်ဗရပွနှင့် ဖြစ်သည်။ ခေါင်းနှင့်အချို့သော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုမူ မတွေ့ရတော့ပေ။ ရေငန်မိကျောင်း တိုက်ခိုက်ခံခဲ့ရသည်မှာ သေချာသည်။ တိုမီတာတို့တပ်စုမှ ကီရှီမိုတိုအလောင်းကို မြှပ်နှံပြီး ၄င်းဧ။် စစ်ဖိနပ်နှင့် စစ်အသုံးအဆောင်ဘူးကို ယူဆောင်ကာ ပြန်လာခဲ့ကြသည်။ ကျဆုံးသွားသူ ကီရှီမိုတိုဧ။် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်တစ်စုံတစ်ရာ မရမည်ကို စိုးရိမ်သဖြင့် ရန်သူ့ကျည်ဆံထိမှန်ပြီး ကီရှီမိုတို သေဆုံးခဲ့ရကြောင်း အထက်လူကြီးထံ တင်ပြရန်သဘောတူ ခဲ့ကြသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၇) ၂၀၀၀၊ ဖေဖော်ဝါရီ (၁၇) ရက်နေ့
++++++++++++++++++++++++

            တစ်ဘက်၌ ဥဂ္ဂါမှ ချီတက်လာသော စုမီတို့ တပ်စုမှာ လမ်းတွင် မိတ်ဆွေစစ်သားလေးဦးနှင့် တွေ့ရသော်လည်း စစ်ဒဏ်ကြောင့် ရူးကြောင်သွားကြပြီဖြစ်သော ၄င်းတို့လေးဦးကို စုမီ မစည်းရုံးနိုင်ခဲ့သဖြင့် သူ့လမ်းသူ လျှောက်စေလိုက်ရတော့သည်။ စုမီတို့တပ်ဖွဲ့ ဆက်လက်ချီတက်ကြရာ လမ်းပြင်နေသော ကုလားများနှင့် အင်္ဂလိပ်များကို တွေ့သဖြင့် ပုန်းလျှိုးနေရသေးသည်။ တပ်ကြပ်ကြီး ၇ှီမိစုက တစ်ဘက်မှ လှည့်သွား၍ ရ၊ မရကို စုံစမ်းမည်ဆိုသဖြင့် အခြားသူများကို ပုန်းနေစေပြီး စုမီနှင့် ရှီမိစု သွားရောက်စူးစမ်းကြသည်။ အဆင်မပြေချေ။ ပန်ချာပီစစ်သားတစ်ယောက်နှင့် ပက်ပင်းတိုးမိပြီး အခြားအင်္ဂလိပ်စစ်သားများပါ လိုက်လာသဖြင့် အနိုင်နိုင် ပြန်ပြေးလာခဲ့ရသည်။ နောက်ဆုံး လမ်းပြင်နေသူများ ပြန်သည့်အချိန်တွင်မှ စုမီတို့တပ်စု ရမ်းသစ်ကြီးသို့ ချီတက်ခဲ့ကြရပြန်သည်။ ရမ်းသစ်ကြီးသို့ မရောက်မီ ချောင်းအထက်တစ်နေရာတွင် စုမီတို့အဖွဲ့ ထမင်းခြောက်လုံးကို စားနေကြချိန်၌ ချောင်းစပ်သို့ ရေသောက်ဆင်းသော နွားတစ်ကောင်ကို ရေငန်မိကျောင်းတစ်ကောင် ဆတ်ကနဲ ရေအောက်သို့ ဆွဲယူသွားသည်ကို တွေ့ရသောအခါ တဖွဲ့လုံး တုန်လှုပ်ချောက်ချားခဲ့ကြရသည်။

            ညအမှောင်ထုကြီးစိုးလာချိန်တွင် စုမီတို့တပ်ဖွဲ့ ချောင်းကမ်းနဘေးအတိုင်း ရွံ့ထူသော လမုတောကိုဖြတ်၍ ရမ်းသစ်ကြီးရွာဆီသို့ ချီတက်ကြပြန်သည်။ အမှောင်ထုသည် သူတို့အတွက် မဟာမိတ်စစ်သားများမမြင်အောင် ကွယ်ဝှက်ပေးသော်လည်း ရေငန်မိကျောင်းတို့ရန်ကိုလည်း ကြောက်ရပြန်သည်။ ထို့ကြောင့် ချောင်းငယ်၊ မြောင်ငယ်များဖြတ်ရသည့်အခါတိုင်း လက်နှိပ်ဓာတ်မီး ထွန်းကြည့်ပြီးမှ သွားကြရသည်။ တစ်နေရာအရောက် သေနတ်ပစ်သံ၊ အမြောက်သံများ ကြားရသည်။ စုမီတို့တပ်ဖွဲ့လည်း အသံလာရာဆီသို့ လိုက်သွားကြသည်။ သူတို့မိတ်ဆွေများကို တွေ့ရပေတော့မည် မဟုတ်ပါလော။
xxxxxxxxxxxx

အခန်း (၈) မြင်းခုန်ချောင်း၊ ဖေဖော်ဝါရီ (၁၈) ရက်နေ့
++++++++++++++++++++++++++++

            တိုမီတာတပ်စုမှာ ကီရှီမိုတို ရှာရာမှ ပြန်လာပြီးနောက် တိုင်ပင်ထားသည့်အတိုင်း ပျောက်ဆုံးသူသည် ရန်သူ့ကျည်ဆံထိမှန်သေဆုံးကြောင်း တင်ပြကြသည်။ များမကြာမီ စိုက်ပြားရွာသို့ ပြန်လှည့်သွားသော မိမိတို့ဧ။်အထက်လူကြီး တပ်မှူးဂျင်နိုတစ်ယောက် ဗုံးဆန်ထိမှန်ပြီး၊ ခြေတစ်ဘက်ပြတ်သွားသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ကြားရသည်။

            ထို့နောက် ဖေဖော်ဝါရီ (၁၈) ရက်နေ့ညနေတွင် အမှတ် (၆) တပ်မှလွဲ၍ ကျန်တပ်များအားလုံး  မြင်းခုန်ချောင်းကို ဝါးလုံးဖောင်ဖြင့် ကျော်ဖြတ်ပြီး လမူးရွာသို့ ခြေလျင်ချီတက်ရန်ဟူသော အမိန့်ကို ကာစုဂါတို့ ရကြသည်။ ချောင်းတစ်ဘက်ကမ်းသို့ ဖြတ်ကူးရန် လှေများမှာလည်း မဟာမိတ်တို့ ဖျက်ဆီးပစ်လိုက်ပြီဖြစ်သဖြင့် ဝါးလုံးဖောင်သာ သူတို့ဧ။် ကယ်တင်ရှင် ဖြစ်ပေတော့မည်။ ထိုအမိန့်ကို တိုမီတာတို့ သဘောမတွေ့။ ကီရှီမိုတိုအဖြစ်ကို နဖူးတွေ့ဒူးတွေ့ တွေ့မြင်ခဲ့ရ၍လည်း ကြောက်လန့်မိကြသည်မှာ အမှန်ပင်။ သို့သော် အမိန့်ဟူသည် အမိန့်သာ။ လွန်ဆန်၍ မရတော့။ လိုက်နာကြရုံသာ ရှိတော့သည်။ ထို့ကြောင့် ဝါးလုံးရရန် တောင်တွင် ဝါးရှာခုတ်သူက ရှာခုတ်၊ စစ်ဘေးရှောင် ဒေသခံများဧ။် လူသူကင်းမဲ့နေသောအိမ်များမှ ဝါးလုံးအိမ်တိုင်အကောင်းများကို ဖျက်ဆီးယူသူက ယူ ဖြစ်ကုန်ကြသည်။ မည်သို့ဆိုစေ အသက်ရှင်သန်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်အလက်တွင် သူတို့ ပျော်နေရှာကြလေပြီ။

            ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညအချိန်။ ရွှံ့ထူသော လမုတောကို ဖြတ်၍ တိုမီတာတို့ အဖွဲ့  မြင်းခုန်ချောင်းဆီ ရောက်လာကြပြီ။ အမှတ် (၇) တပ်ဖွဲ့က ကျယ်ပြောသော ချောင်းဧ။် တစ်ဝက်တစ်ပျက်ကို ရောက်နေကြပြီ။ အားလုံးမှာ တန်းစီလျက် ကူးနေကြသည်။ တိုမီတာတို့ အမှတ် (၅) တပ်ဖွဲ့မှလည်း ကူးရန်ပြင်ကြသည်။ အတွင်းခံဘောင်းဘီ၊ လက်နက်နှင့် အခြားအလိုအပ်ဆုံးပစ္စည်းများမှလွဲ၍ ချန်ခဲ့ကြပြီ။ သူတို့ ရေထဲသို့ ဆင်းပြီး ကူးနေကြပြီ။ ထိုအချိန် တစ်ဘက်ကမ်းသို့ရောက်သွားသော အမှတ် (၇) တပ်ဖွဲ့မှ လူတစ်ယောက်ပျောက်သွားသဖြင့် စူးစမ်းမေးမြန်းသံ ခပ်ကျယ်ကျယ် ထွက်လာသည်။ ရုပ်ခြည်းဆိုသလိုပင် မနီးမဝေးတစ်နေရာ၌ ပုန်းခိုစောင့်ဆိုင်းနေသော မဟာမိတ်ကင်းလှည့်ရေယာဉ်တစ်စီးထံမှ မီးလှမ်းထိုးသည်။ တစ်ချိန်တည်းမှာပင် စက်သေနတ်သံများ ပေါ်လာသည်။ တိုမီတာတို့အဖွဲ့  စတင်ထွက်ခွာရာကမ်းဆီသို့ ပြန်လှည့်ခဲ့ရသည်။ တိုမီတာတို့တပ်စုဝင်တစ်ယောက်မှာမူ ရေထဲတွင် ကျန်ရစ်ခဲ့လေပြီ။ စက်သေနတ်ဆက်တိုက်ပစ်ခတ်နေသဖြင့် လွတ်ရာ တောတွင်းပိုင်းသို့ သုံးယောက်သား ပြေးဝင်ပြီး တစ်ညတာကို ထိုနေရာ၌ပင် ကုန်ဆုံးစေခဲ့ကြသည်။

            နောက်တစ်နေ့ မိုးလင်းသောအခါ ဘေးပတ်ဝန်းကျင်မှ ခြေဦးတည်ရာသွားနေသော တပ်သားအချို့ကို တပ်ကြပ်ကြီးတိုမီတာ စုစည်းမိသည်။ ထိုနေ့ညအချိန်တွင် လွန်ခဲ့သောညက ကူးခဲ့သောနေရာဧ။် အထက်ဘက် အနည်းငယ်ချောင်းရေပြင်ပိုကျယ်သော်လည်း ကင်းလှည့်ယာဉ်များမရှိနိုင်လောက်သော နေရာမှ ကူးကြရန် တိုးမီတာက စည်းရုံးသည်။ အားလုံးသဘောတူကြသည်။ ညအချိန်တွင် တိုမီတာဦးဆောင်၍ တစ်ဘက်ကမ်းသို့ကူးမည့်နေရာ အရောက်သွားကြသည်။ လမင်းကြီးမှာ သာနေဆဲ။ လရောင်ပျောက်သည်အထိစောင့်ပြီးကူးကြမည်ဟု တိုမီတာက ဆိုသည်။ လွန်ခဲ့သောညက ကူးခဲ့သည့် နေရာမှ ကူးရန်ပြန်ကြိုးစားမည့် တပ်သားများ ရှိနေနိုင်သကဲ့သို့ ထိုသူတို့ကို ပုန်းခိုစောင့်ကြည့်နေသည့် မဟာမိတ်ကင်းလှည့်ရေယာဉ်လည်း ထိုအနီးအနားတွင် ရှိနေပေမည်။ ထို့ကြောင့် ထိုသူတို့ ကူး၍ ဝရုန်းသုန်းကားဖြစ်နေချိန်တွင် ဤတစ်ဘက်မှ တိုမိတာတို့အုပ်စု ဘေးကင်းစွာ ကူးနိုင်ရန် ရည်ရွယ်ထားကြသည်။

လရောင်ပျောက်သည်ဆိုလျှင်ပင် လွန်ခဲ့သောညက ကူးခဲ့သောနေရာမှ သေနတ်သံများနှင့် မီးရောင်တို့ ပေါ်လာသည်။ သူတို့အတွက် တစ်ဘက်ကမ်းသို့ စတင်ကူးရန် အချိန်ကောင်းပါပေ။ အစပိုင်းတွင် ရေက ထင်သလောက်မနက်ချေ။ အတော်အတန် လျှောက်လိုက်ရသေးသည်။ ထို့အချိန် နောက်ဆီမှ ရေပွက်သံကြား၍ ကာစုဂါ လှည့်ကြည့်ရာ နောက်မှ လိုက်ပါလာသော တိုမီတာအဖွဲ့မှ တာဒါကို မတွေ့တော့။ တာဒါကို မတွေ့တော့ကြောင်း တိုမီတာထံ ကာစုဂါ လှမ်းပြောလိုက်သည်။ ထိုအချိန် မိမိတို့နှင့်အတူ ကူးလာသော အခြားလူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ရေအောက်သို့ ဆတ်ကနဲ အဆွဲခံနေရသည်ကို ဟိုတစ်ဘက်မှ လာသော အလင်းရောင်အောက်တွင် ထိတ်လန့်ဖွယ် မြင်တွေ့ရသည်။            တစ်ချို့ဆိုလျှင် ယူလာသော ရိုင်ဖယ်သေနတ်ဖြင့် ရေအောက်မှ တိရစ္ဆာန်ကို လှမ်းပစ်နေကြပြီ။ တိုမီတာက လှမ်းသတိပေးသော်လည်း ထိုသူတို့ မကြားတော့ချေ။ အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပြီ။ တစ်ဘက်မှ မဟာမိတ်ကင်းလှည့်ရေယာဉ်လည်း တိုမီတာတို့အဖွဲ့ကို သတိပြုမိသွားပြီး မီးရောင် ထိုးလာချေပြီ။ ထိုအချိန် ကာစုဂါဆီသို့ မိကျောင်းတစ်ကောင် ဦးတည်လာနေသည်ကို တွေ့ရသည်။ ကာစုဂါ မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်လိုက်ပြီ။ သူ မကြာခဏ မက်တတ်ခဲ့သော ဂျပန်ဘုရားကျောင်းမှ နဂါးရုပ်ကြီးအသက်ဝင်ပြီး သူ့ကို ကိုက်ဝါးစားသောက်သည်ဟူသော အိပ်မက် အမှန်တကယ် ဖြစ်တော့မည်ဟု ရုတ်တရက် အတွေးဝင်မိသည်။ သို့သော် ထူးဆန်းစွာပင် မိကျောင်းမှာ တိုမီတာထံသို့ ဦးတည်သွားပြန်သည်။ တိုမီတာထံ မိကျောင်းလာနေကြောင်း ကာစုဂါ လှမ်းသတိပေးသော်လည်း မည်သို့မျှ မတတ်နိုင်တော့။ တပ်ကြပ်ကြီးတိုမီတာမှာ မိကျောင်းစာ ဖြစ်သွားခဲ့ရပေပြီ။ ရေစတင်ကူးခဲ့သော ကမ်းဆီသို့ ကာစုဂါ တစ်ဖန် ပြန်၍ ကတိုက်ကရိုက် ကူးရပြန်သည်။ ခြေမှ ဒဏ်ရာကြောင့်လည်းကောင်း၊ မောပန်းလွန်း၍လည်းကောင်း ဝေးဝေးလံလံ သူ မပြေးနိုင်တော့။ ခပ်လှမ်းလှမ်းမှ သစ်ပင်တစ်ပင်ပေါ်သို့သာ တက်ပြေးဖြစ်ခဲ့သည်။ ထို့နောက် ကာစုဂါတစ်ယောက် ယောက်ျားတန်မဲ့ အငိုကြီးငိုရင်း ထိုသစ်ပင်ပေါ်တွင်သာ တစ်ညတာ ကုန်လွန်ခဲ့ရရှာသည်။
xxxxxxxxxxxxxxxxxxxxxx

အခန်း (၉ ) ၀၇၃၀၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့
++++++++++++++++++++++++

မိုးလင်းသောအခါ စုမီတို့တပ်စု ကာစုဂါကို တွေ့သည်။ အခြားသော တပ်သားလေးဆယ်ခန့်ကိုလည်း ရှာတွေ့သည်။ သူတို့ကို ကယ်တင်ရန် မိမိတို့ လာရောက်ခြင်းဖြစ်ကြောင်း စုမီက ရှင်းပြသောအခါ သူတို့ အားတက်ခဲ့ကြသည်။ ဒဏ်ရာရသူများကို ထမ်းပိုး၍ ပြန်လာပြီး မကြာမီ စုမီက အမှတ် (၆) တပ်ရှိရာ ရမ်းသစ်ကြီးရွာတောင်ကုန်းအမှတ် (၆၀၄) သို့ မိမိတစ်ယောက်တည်းသွားပြီး ကျန်သူများကို ကယ်တင်ဦးမည်ဖြစ်ကြောင်း၊ တပ်ကြပ်ကြီး ရှီမိစုမှ ဦးဆောင်ပြီး အားလုံးကို ဥဂ္ဂါရွာသို့ ဘေးကင်းစွာ ခေါ်ဆောင်၍ ထိုမှတစ်ဆင့် တောင်ကုတ်မြို့သို့ သွားကြရန် မှာကြားသည်။ တပ်ကြပ်ကြီးရှီမိစုက ထိုသို့မလုပ်ရန် တားမြစ်သော်လည်း တားမရသည့်အဆုံး ဘီအိုင်အေတပ်သား ဘုန်းကြီးကို စုမီနှင့်အတူ လိုက်ပါသွားပေးရန် ပြောသည်။ တပ်ကြပ်ကြီး ရှီမိစုတို့အဖွဲ့ စုမီကိုအလေးပြုပြီးနောက် ထွက်ခွါသွားကြသည်။ ထို့နောက် ဘုန်းကြီးကိုလည်း မိမိနှင့်အတူ မလိုက်တော့ဘဲ ဇာတိ သံတွဲမြို့သို့ ပြန်ရန်နှင့် အင်္ဂလိပ်တို့ထံ အဖမ်းခံရလျှင် ဂျပန်တို့နှင့် မပေါင်းခဲ့ကြောင်း ဖြေရန် စုမီ မှာကြား၍ နှစ်ယောက်သား လမ်းခွဲခဲ့ကြသည်။ လမ်းတွင် တွေ့ရသော ရမ်းသစ်ကြီးရွာဦးစေတီအနီးတွင် စုမီ ခရီးတစ်ထောက်နားပြီးနောက် တောင်ကုန်းအမှတ် (၆၀၄) ဆီသို့ ဦးတည်ပြေးလွှားသွားခဲ့လေတော့သည်။

xxxxxxxxxxx     xxxxxxxxxxxx    xxxxxxxxxxxxxx


The front cover of  "Dragon of the Mangroves" and the map of Ramree

ဝတ္ထုအပေါ် စာရေးသူဧ။်အမြင်
xxxxxxxxxxxxxxxxxxxxxxx

ဝတ္ထုတစ်ပုဒ်လုံး အစမှ အဆုံးအထိ ဆွဲဆောင်မှုရှိသည်။ ကောင်းမွန်သော ဝတ္ထုတစ်ပုဒ်ပင် ဖြစ်သည်။ ဝတ္ထုရေးသားထားပုံမှာ ကယ်ဆယ်ရေးအဖွဲ့ကို ပြလိုက်၊ တစ်ခါ မင်းပြင်ဘက်မှ တပ်ဆုပ်လာရသော အဖွဲ့ကို ပြလိုက်၊ တစ်ဖန် ကယ်ဆယ်ရေးအဖွဲ့ ချီတက်စဉ် ကြံတွေ့ရသော အခက်အခဲအမျိုးမျိုးကို ပြလိုက်ဖြင့် ရုပ်ရှင်ပိတ်ကားတစ်ခုကို မြိန်ရေယှက်ရေ ကြည့်နေရသကဲ့သို့ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ရေးသားထားကြောင်း တွေ့ရသည်။ ဇာတ်ကောင်များကို သရုပ်ဖော်ရာ၌ တိုမီတာကို အမှန်တကယ် ခေါင်းဆောင်ကောင်းပီသသော ခေါင်းဆောင်တစ်ဦးအဖြစ် အားကျဖွယ်၊ လေးစားဖွယ်၊ အတုယူဖွယ် ပုံဖော်ထားသကဲ့သို့ တပ်မှူးဂျင်နိုကဲ့သို့သော ခေါင်းဆောင်ကောင်းမပီသသည့် ကိုယ်လွတ်ရုန်းတတ်သော အတ္တသမား ခေါင်းရှောင်မျိုးကို သရုပ်ဖော်ထားသည်မှာလည်း ပီပြင်သည်။ ထူးခြားသည်မှာ ဇာတ်လမ်းတောက်လျှောက် သူရဲဘောကြောင်သူအဖြစ် ပုံဖော်ခြင်းခံရသူ စုမီမှာ နောက်ဆုံး၌ အမှတ် (၆) တပ်မှ အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်နိုင်စေဖို့ တစ်ကိုယ်တည်း စွန့်စားကျန်ရစ်ခဲ့ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ စာဖတ်သူအနေဖြင့် အံ့သြသင့်သွားစေသော အခိုက်အတန့်ပင် ဖြစ်သည်။ အဓိကဇာတ်ဆောင်ဖြစ်သော ကာစုဂါကိုမူ သတ္တိရှိသော၊ အထက်လူကြီးကို လေးစားရိုသေတတ်သော လူငယ်တပ်သားတစ်ဦးအဖြစ် သရုပ်ဖော်ထားသည်။ ဝတ္ထုနိဂုံးပိုင်းတွင် ရမ်းသစ်ကြီးရွာဦးစေတီအနီးတွင် စုမီ အနားယူချိန် စေတီတော်ဧ။် စိန်ဖူးတော်ကို ကြည့်၍ “လူအပေါင်းဧ။် ဆုတောင်းစကားသံများကို နတ်ဗြဟ္မာဘုံထိတိုင်အောင် ဆောင်ယူသွားပေးသော အင်တင်နာလေလော” ဟူ၍ အတွေးပေါ်မိဟန် ရေးဖွဲ့ထားပုံမှာ စွဲမက်ဖွယ် အရေးအသားပင် ဖြစ်သည်။ အခြားသော စွဲမက်ဖွယ်အရေးအသားများစွာလည်း ပါသေးသည်။ စုမီဧ။် ဘဝနိဂုံးချုပ် လှမည်မဟုတ်ကြောင်းကို ကောင်းကင်ပေါ်မှ ပျံဝဲဆင်းသက်လာကြသော လင်းတငှက်များကို နိမိတ်ပုံပြ၍ ပုံဖော်ပြထားသည်မှာလည်း ကဗျာဆန်လှသည်။

ဝတ္ထုတွင် စာရေးသူ သတိပြုမိသော အမှားနှစ်ခုကို တွေ့ရသည်။ ပထမအမှားမှာ စာမျက်နှာ (၁၈) တွင် ဖြစ်သည်။ ကျောက်ဖြူမြို့နှင့် “ရမ်းဗြဲကျွန်းပေါ်ရှိအခြားမြို့များ” ဟူသော ရေးသားချက်မှာ မိမိမှတ်သားလေ့လာဖူးသလောက် ပြောရလျှင် မှန်ကန်မှုမရှိပေ။ အကြောင်းမှာ ရမ်းဗြဲကျွန်းပေါ်တွင် မြောက်ဘက်ရှိ ကျောက်ဖြူမြို့အပြင် အခြားသောမြို့မှာ အရှေ့မြောက်ဘက်မှ ရမ်းဗြဲမြို့တစ်မြို့တည်းသာ ရှိသောကြောင့် ဖြစ်သည်။ ဒုတိယအမှားမှာ စာမျက်နှာ (၅၇) မှ ဗုဒ္ဓဘာသာစေတီ၊ ပုထိုးများတွင် “မြတ်စွာဘုရားဧ။်အရိုးပြာ” ကို ဌာပနာ၍ တည်ဆောက်ထားကြောင်း ရေးသားဖော်ပြထားခြင်းပင် ဖြစ်သည်။ အမှန်မှာ အများအားဖြင့် မြတ်စွာဘုရားဧ။် သရီရဓာတ်တော်များကို ဌာပနာ၍ တည်ကြခြင်းဖြစ်သည်။ အတော်အတန်ဗဟုသုတရှိသော ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုလျှင် မြတ်စွာဘုရားဧ။် ကိုယ်ခန္ဓာတော် တေဇောဓာတ်လောင်ပြီး ဓာတ်တော်များမှာ ပြာအဖြစ်မဟုတ်ဘဲ အလုံးလိုက်၊ အခဲလိုက်စီ ကြွင်းကျန်ရစ်ကြောင်း သိရှိထားပေမည်။ ဝတ္ထုရေးသူ ယာစုယူကီကာဆိုင်း(Yasuyuki Kasai)မှာ ဂျပန်ယဉ်ကျေးမှုနှင့်နှိုင်း၍ သည်လိုတော့ အမှန်ဖြစ်လောက်သည်ဟု ယူဆကာ တိတိကျကျ သုတေသနမလုပ်ဘဲ ရမ်းသမ်းရေးလိုက်မိဟန်တူပေသည်။ ထိုအမှားနှစ်ခုမှလွဲ၍ ကျန်သောအပိုင်းများမှာ အထူးကောင်းမွန်သည်ဟု စာရေးသူအနေဖြင့် ယုံကြည်မိပါသည်။

         ဝတ္ထုရေးသူ ယာစုယူကီကာဆိုင်းသည် ဤဝတ္ထုကိုရေးသားရန် ကျမ်းပေါင်း (၄၀) တိတိ ကိုးကားထားကြောင်း တွေ့ရသည်။ ကိုးကားသော ကျမ်းများမှာ ဂျပန်စာရေးသူများဧ။် စာအုပ်များပါသကဲ့သို့ စစ်နိုင်သူ မဟာမိတ်တို့ဧ။် မှတ်တမ်းစာအုပ်များလည်း ပါဝင်သည်။ ထို့ကြောင့်လည်း သူ့ရေးသားတင်ပြချက်မှာ တစ်ဘက်သတ်မဆန်ဘဲ သမာသမတ်ကျစွာ လှပနေခြင်း ဖြစ်ပေမည်။ သူ့စာအုပ် အမှာစာတွင် ပါသည့်အတိုင်း ဝတ္ထုထဲတွင် သုံးစွဲထားသော ရမ်းဗြဲကျွန်းပေါ်မှ နေရာများမှာ အမှန်တကယ်ရှိသော နေရာများပင် ဖြစ်သည်။ အခြားသော အဖြစ်အပျက်များနှင့် ဇာတ်ကောင်များမှာ စိတ်ကူးဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မဟာမိတ်တို့ဧ။် မှတ်တမ်းအရမူ (၁၉ ၄၅) ခု၊ ဖေဖော်ဝါရီ (၁၉ ) ရက်နေ့တွင် မဟာမိတ်တပ်များ ဝိုင်းထားသည်ကို ထိုးဖောက်၍ ထွက်သော ဂျပန်စစ်သား (၁၀၀၀) ခန့်တွင် ၂၀ ခန့်မှလွဲ၍ အခြားသူများမှာ လမုတောမှ ရေငန်မိကျောင်းများ ကိုက်ဖြတ်စားသော်ပစ်ခြင်းခံရသည် ဟူ၍ပင်။ သို့သော် ဂျပန်တို့ဧ။် မှတ်တမ်းအရမူ အယောက် ၄၀၀ ခန့် ဂျပန်သို့ ပြန်ရောက်ခဲ့ကြောင်း တွေ့ရသည်။ ဝတ္ထုရေးသူကမူ မဟာမိတ်တို့ဧ။်မှတ်တမ်းမှာလည်း လိမ်ညာရေးသားခြင်း မဟုတ်နိုင်ဟု ပြောထားသည်။ သို့သော် သူ့ဝတ္ထုတွင်မူ ဂျပန်မှတ်တမ်းကို အလေးပေးယူထားသည် ကို တွေ့နိုင်သည်။

ထူးခြားသည့်အချက်တစ်ခုလည်း ရှိသည်။ ဂျပန်များ မြန်မာတို့အပေါ် ရက်စက်ခဲ့ကြသည်ကို ကြားဖူး၊ ဖတ်ဖူးကြပေမည်။ သို့သော် ယာစုယူကီကာဆိုင်းက သူ့ဝတ္ထုတွင် ထိုသို့ရက်စက်မှုကို လုံးဝ မဖော်ခဲ့ပေ။ မြန်မာတို့ကို တန်းတူရည်တူ ဆက်ဆံတတ်သူ၊ တည်ကြည်သူများအဖြစ်သာ အသားပေးပုံဖော်တင်ပြထားသည်။ ဤသည်မှာ ဝတ္ထုရေးဆရာ ကိုယ်တိုင်က ထိုသို့ရက်စက်ခဲ့မှုများ ရှိခဲ့သည်ကို မသိ၍ကား မဟုတ်နိုင်ချေ။ နောက်ဆုံးတွင်မူ ဂျပန်လူမျိုးတစ်ဦး အနေဖြင့် မိမိဧ။်ဂျပန်လူမျိုးများ ကောင်းပုံ၊ တော်ပုံ၊ လေးစားစရာကောင်းပုံတို့ကို တင်ပြသွားသည်မှာ မထူးဆန်းဟူ၍သာ ဆိုရပါတော့မည်။

By: ဇွဲသစ် (ရမ္မာမြေ)

၂၀၊ ၀၇၊ ၂၀၁၅ (တနင်္လာနေ့)

No comments:

Post a Comment