ကျွန်တော် ငယ်ငယ်တုန်းကပေါ့။
ကဗျာလေးတွေကို တအားချစ်တယ်။ ကလေးကဗျာတွေပေါ့
... မောင်ညိုမှိုင်းကဗျာများ ဆိုလားပဲ။ အဲဒီထဲက ကဗျာလေးတွေဆိုရင် သိပ်ကြိုက်ခဲ့တယ်။
သင်ခန်းစာယူစရာတွေ၊ သိမှတ်စရာတွေနဲ့ ပြည့်နေလေတော့ ကြိုက်လွန်းလို့ အလွတ်ဖတ်ခဲ့ဖူးတယ်။
“ပရွက်ဆိပ်နှင့်နှံကောင်“ ဆိုတဲ့ ကဗျာထဲက နှံကောင်ကြီးရဲ့
ဂလန်ဂလားနဲ့ ကြွတကြွတ ဝင့်ကြွားပြနေတဲ့ ဟန်ကို မျက်စိထဲမှာ မြင်ယောင်မိတယ်။ သူ့ရဲ့
ဘဝင်လေဟပ်နေတဲ့ စိတ်ကို ရွံရှာမိတယ်။ ပုရွက်ဆိပ်လေးရဲ့ စုဆောင်းတတ်တဲ့ စိတ်ကလေးကို
သဘောကျမိတယ်။ လေးစားမိတယ်။ အချိန်မီ စုဆောင်းသင့်တယ်ဆိုတဲ့ အသိတရားတစ်ခု စွဲငြိစေခဲ့တယ်။
“ဗိုလ်တေဇ“ ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီးတော့လည်း
ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကို လေးစားအားကျခဲ့တယ်။ အဲဒီစာအုပ်လေးထဲက စွဲနေမိတာကတော့ ဒီနှစ်ပုဒ်ပေါ့လေ။
အတန်းစာထဲမှာ အခုထိ ထင်ကျန်နေမိတဲ့ ကဗျာလေးတွေက
ငွေတာရီရေးတဲ့ “ထိပ်ဆုံးသို့“ ဆိုတဲ့ကဗျာလေး။ ပန်းတိုင်တစ်ခုပြီးတစ်ခု သွားရမယ်။ တတ်နိုင်သမျှ
အမြင့်ဆုံးသို့ တက်လှမ်းရမယ်ဆိုတဲ့ အောင်စိတ်လေးကို တင်စားရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။
ပြီးတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို
ငြိခဲ့ပြန်တယ်။ လူတစ်ယောက်ဟာ အလာဘော၊ အယာသော၊ ပသံသာ၊ ဒုက္ခံ ဆိုတဲ့ ဆိုးဝါးတဲ့လောကဓံတရားတွေနဲ့
တွေ့ဆုံရပေမယ့် ကဗျာထဲက ဗေဒါပန်းလေးလို ရဲရဲရင်ဆိုင်၊ ရဲရဲ ဖြတ်သန်းသင့်တယ်ဆိုတဲ့ အတွေးလေးက
အားဖြစ်စေခဲ့တယ်။ ကိုယ်တိုင်လည်း လောကဓံတရားရဲ့ အထုအထောင်းကို ခံစားရဖူးသူပီပီ ဒီကဗျာလေးက
တွန်းအားဖြစ်ခဲ့သပေါ့။
ပြီးတော့ ဆရာဘုတလင်ချစ်လေးရဲ့ “ပရိယေသန ဝမ်းခါးလှဖို့
ကျွန်မ ကရပါသည်ရှင့် ...“ အစချီတဲ့ “ကချေသည်“ ကဗျာလေး။ ဒီကဗျာလေးထဲက ကချေသည်မလေးက လောကလမ်းပေါ်လျှောက်နေတဲ့လူသားတစ်ယောက်ကို
ကိုယ်စားပြုထားတယ်။ “ငိုချင်လျှက်လည်း ဇာတ်ကွက်နှင့်ဆ ရယ်လိုက်ရ “ တဲ့၊ “တစ်ရံခါမူ
မချစ်သူလည်း ကြည်ဖြူလေအင် ဟန်ပန်ဆင်“ တတ်တဲ့၊ “ချစ်ခင်သူလည်း မုန်းမာန်သည်းသို့“ သရုပ်ဆောင်ရတဲ့
ကချေသည်မလေးကို သနားစိတ်ဝင်ပြီး သင်ခန်းစာတွေ တပွေ့တပိုက်ကြီးကိုပါ ရင်မှာ ထွေးပွေ့နေမိတယ်။
ဆရာကြီးမင်းသုဝဏ်ရဲ့ ကလေးကဗျာတွေကိုလည်း ကြိုက်ခဲ့သပေါ့။
“လယ်စောင့်တဲ“ လေးကိုလည်း ပြေးမြင်မိလေရဲ့။ “သပြေသီးကောက်“ ချိန်မှာ မျော့တွယ်မှာ စိုးလို့
ပြေးခဲ့ရတာလည်း အဟုတ်ကိုယ်တွေ့မို့ အကြိုက်တွေ့ မိပြန်တယ်။
ကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာ မော်ဒန်ထက် သမရိုးကျ
ကဗျာပုံစံကို ပိုပြီး နှစ်ခြိုက်ခဲ့မိတာကိုတော့ ကိုယ့်ကိုယ်ကိုယ် သတိထားနေမိတယ်။
ပြီးတော့ စာရေးဆရာတွေ အတော်များများရဲ့ စာတွေကိုလည်း
ဖတ်ရှုခဲ့ရတယ်။ မြသန်းတင့်ရဲ့ “ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်“ ဆိုတဲ့ စာအုပ်ကတော့
နာမည်ကအစ တစ်အုပ်လုံး ကြိုက်မိတယ်။ ဆရာဖေမြင့်ရဲ့ “ကျွန်း“ ဝတ္ထုဆိုရင်လည်း ခိုက်တယ်။
“မြေကြီးကို ဒုက္ခပေးသူများ“ ဆိုပြီး ဇာတ်ကားပြန်ရိုက်တော့လည်း စွဲတယ်။ ဆရာမင်းလူရဲ့
“ရေတမာ“ စတဲ့ ဝတ္ထုတွေ၊ တာရာမင်းဝေရဲ့ စာအုပ်တွေ၊ ဆရာ ချစ်ဦးညိုရဲ့ “ဥပက္ခာဒေဝီ“ “လင်္ကာဒီပချစ်သူ“
စတာတွေကိုလည်း မက်မိတယ်။ အမှတ်ရမိဆဲ စာအုပ်တွေကတော့ အများသား။
ကျွန်တော့်ဘဝမှာ အချိန်အကြာကြီး စွဲမှတ်လာတာတစ်ခု
ရှိတယ်။ ရယ်တော့ ရယ်စရာအကောင်းသား။ ကျွန်တော်က ကဗျာဆရာတွေကို ကဗျာတွေပဲ ရေးတတ်တယ် ထင်ခဲ့သဗျ။
အင်း ... စာရေးဆရာတွေကျတော့လည်း ဝတ္ထု၊ ဆောင်းပါးတွေပဲ ရေးတတ်တယ် ထင်ခဲ့သပေါ့လေ။ ဒါပေမယ့်
ကျွန်တော် အမှားကြီးမှားမှန်း တဖြည်းဖြည်း သိလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ကဗျာဆရာကြီး
ဇော်ဂျီရဲ့ ရသစာပေအဖွင့်နှင့် ရသစာပေနိဒါန်း၊ နင်လားဟဲ့ချစ်ဒုက္ခနှင့်အခြားဝတ္ထုတိုများ၊
မိုးကြယ်မို့လားနှင့် နိုဘယ်ဆုရ ဝတ္တုတိုများ ... စတဲ့ ဘာသာပြန်တွေရော၊ ပုဂံဈေး စတဲ့
ကိုယ်တိုင်ရေးစာစုတွေရော လေ့လာရတဲ့ အခါမှာ ကျွန်တော် အံ့သြခဲ့ရတယ်။ နှစ်ခြိုက်စွဲမက်ခဲ့ရတယ်။
ဆရာကြီးမင်းသုဝဏ်ရဲ့ ပုံပြင်တွေကိုလည်း ငြိခဲ့တယ်။ သြော် ... ကဗျာဆရာတွေဟာလည်း စာရေးဆရာတွေပါလားလို့
ကျွန်တော် သဘောပေါက်ခဲ့တယ်။ သူတို့လည်း ဘာသာပြန်ကောင်းတွေပါလားလို့ ကျွန်တော် နားလည်ခဲ့တယ်။
ကိုယ်စီ အားသန်ရာတော့ ရှိမှာပေါ့။ ဒါပေမယ့် အားလုံးမှာ ပါရမီပါတဲ့ အဲလို ပုဂ္ဂိုလ်မျိုးတွေလည်း
ရှိပြန်တယ်။
အခု ဒီ Facebook မှာလည်း ဒီလို ပုဂ္ဂိုလ်တွေကို
တွေ့လာရတော့ လေးစားမိပြန်တယ်။ ပညာယူမိပြန်တယ်။ ကဗျာဆရာ၊ စာရေးဆရာ၊ ဘာသာပြန်ဆရာ စတာတွေဟာ
ဆွေမျိုးအရင်းအချာတွေဆိုတာ ကျွန်တော် နားလည် သဘောပေါက်သွားပါပြီဗျာ။ အားလုံးနဲ့ သိကျွမ်းခင်မင်
ပညာယူခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့။
By: ဇွဲသစ် (ရမ္မာမြေ)
၂၄၊၁၂၊ ၂၀၁၃
No comments:
Post a Comment