Wednesday 25 November 2015

ခေတ်သစ် မသိုးထမင်း၊ မသိုးဟင်း


ညအိပ်ရာမဝင်မီ လူကြီးသူမများက မိမိတို့ဧ။် သားသမီး၊ မြေး၊ မြစ်များကို ဝတ္တု၊ ပုံပြင်များ ပြောပြတတ်သည်မှာ မြန်မာတို့ဧ။်အစဉ်အလာဖြစ်သည့်အတိုင်း ဦးထင်ကြီးတစ်ယောက် သူ့မြေးနှစ်ယောက်ကို ပုံပြင်ပြောနေသည်။ မြေးကလေးနှစ်ယောက်မှာလည်း ကလေးတို့ သဘာဝအတိုင်း အဖိုးပြောပြသည်ကို တက်ကြွစွာ နားထောင်ရင်း "ဟုတ်ကဲ့" လိုက်ကြသလို
တစ်ချို့နေရာတွေမှာ အဖိုးဖြစ်သူကို ပြန်ပြီး မေးခွန်းထုတ်တတ်ကြသည်။ ဒီည ဦးထင်ကြီး ပြောနေသောပုံပြင်မှာ လူထုဦးလှစုစည်းရေးသားခဲ့သော တိုင်းရင်းသားပုံပြင်များထဲမှ သေမှာကြောက်လို့ သေမင်းမတွေ့အောင် ပုန်းရှောင်သူအကြောင်း ဖြစ်သည်။ ခါတိုင်းလို မြေးလေးတွေကလည်း တစ်ချို့နေရာတွေမှာ ဖြတ်ဖြတ်မေး၊ အဖိုးဖြစ်သူကလည်း ပြန်ဖြေနှင့်။ အဖိုးနှင့် မြေးလေးနှစ်ယောက်တို့ အပြန်အလှန် ပြောနေကြတာက ဒီလိုပါ။

အဖိုး။ ။ သူ့ကို သေမင်းလာခေါ်မယ့်နေ့ နီးလာပြီဆိုတော့ သူ့စည်းစိမ်ချမ်းသာတွေကို မက်မောပြီး သေရမှာ ကြောက်ကြောက်လာတယ်...တဲ့။ ဒီတော့ သူ တစ်ခုခု ကြံစည်ရပြီပေါ့ကွယ်။

မြေးလေးနှစ်ယောက်။ ။ (သံပြိုင်) ဟုတ်ကဲ့။

အဖိုး။ ။ သေမင်းလာခေါ်မယ့်ရက်မတိုင်ခင် သူ့လူတွေကို ရေမဝင်နိုင်တဲ့ သေတ္တာကြီးတစ်လုံးလုပ်ခိုင်းပြီး သံကြိုးကြီးနဲ့ တွဲချည်စေသတဲ့ကွယ်။ ပြီးတော့ တစ်ပတ်၊ နှစ်ပတ်စာ မသိုးထမင်း၊ မသိုးဟင်းတွေကို အဲဒီသေတ္တာကြီးထဲထည့်စေတယ် ... တဲ့။

မြေးမလေး။ ။ ဖိုးဖိုး ... အဲဒီ မသိုးထမင်း၊ မသိုးဟင်းဆိုတာ ဘယ်လိုမျိုးလဲဟင်။

အဖိုး။ ။ ကွယ် ...။ ဒါကတော့ ဟို ... ဖွဘုတ်ဆိုလား ဘာဆိုလား အခုခေတ် ပြောပြောနေကြတာကို မင်းတို့လည်း ကြည့်ဖူးကြတယ်မလား။

မြေးလေးနှစ်ယောက်။ ။ ဟုတ်ကဲ့ ဖိုးဖိုး။ ကြည့်ဖူးပါတယ်။

အဖိုး။ ။ အဲ ...။ အဲဒီဖွဘုတ်ပေါ်မှာ သုံးတဲ့သူတွေက သူတို့ အစားအသောက်ကောင်းတွေ မစားခင် အဲဒီအစားအသောက်တွေကို ဓာတ်ပုံလှလှလေးတွေ ရိုက်ရိုက်ပြီး တင်ကြတယ်မလား။

မြေးမလေး။ ။ ဟုတ်ကဲ့ ဖိုးဖိုး။

မြေးလေး။ ။ ဟုတ်ကဲ့ ... ။ တင်ကြတာမှ အများကြီးပါပဲ ဖိုးဖိုးရယ် ... ။

အဖိုး။ ။ အဲ ... အဲဒီထမင်း၊ ဟင်း စတဲ့ စားစရာတွေကို သူတို့ စားသောက်ပြီး ဘယ်ရောက်သွားမှန်းမသိတော့ရင်တောင် သူတို့ ဖွဘုတ်ပေါ်မှာ တင်ထားတဲ့ အစားအသောက်ပုံတွေက ဘယ်တော့မှ မသိုးပဲ ရှိနေတယ်လေကွယ်။ အဲဒါ မသိုးထမင်း၊ မသိုးဟင်းတွေပေါ့ ကလေးတိုရယ် ...။

မြေးလေးနှစ်ယောက်။ ။ အော် ...။

By: ဇွဲသစ် (ရမ္မာမြေ)
2/7/2015 (Thu)


No comments:

Post a Comment