Sunday 29 November 2015

လျှပ်တပြက် သူတို့


ကျွန်တော်ကားပေါ်တက်လိုက်တယ် ဆို၇င်ပဲ သူတို့တွေကို တွေ့ပါလေရော။
သူတို့ဆိုတာက ဘောင်းဘီရှည်ဝတ်၊ ဆံပင်ရှည်ရှည်၊ ရက်ပါစတိုင် ဝတ်ထားလေတဲ့ သူတို့တွေရယ်လေ။ လက်တွေမှာလည်း မင်ထိုးထားလေရဲ့။


စကားပြောတော့ လည်း Hot တယ်လို့ ဆိုရမလောက် နားထဲ သံရည်ပူလောင်းလိုက်သလို ကျွန်တော့်နားထဲမှာ ခံစားမိလေရဲ့။ တ“သောက် ... သောက်“ နှင့် အပေါက်ကကို ထွက်နိုင်လွန်းပလေတယ်လို့ ကျွန်တော်တွေးနေမိတယ်။

ကဲ ... သူတို့တွေနဲ့တော့ ရှေးဘဝတွေက ရေစက်ပေါင်းများစွာကြောင့် လာဆုံကြုံရလေသပေါ့။ ကျွန်တော်တက်စီးတဲ့နေရာကနေ ဆင်းမယ်မှတ်တိုင်ထိက တစ်နာရီလောက် စီးရမယ်။ ဒီလူတွေသာ ဒီလိုမျိုး တောက်လျှောက် သံရည်ကျိုလာရင် သံမဟုတ်လေတဲ့ ကျွန်တော့်နား ဟိုဆင်းမယ့်မှတ်တိုင်နားရောက်ရင် အမြည်းလုပ်လို့အတော်ပဲ ဖြစ်မလားမသိ။ ပြောနိုင်ဆိုနိုင်သမျှ ကျန်းမာကြလို့မဟုတ်လား။ အဲ ... သကောင်းသားသုံးယောက် ကျန်းမာချမ်းသာစွာ ဆက်လေပန်းနိုင်ကြပါစေ ... လို့ ကျွန်တော် စိတ်မချမ်းသာစွာ မေတ္တာပို့နေလေရဲ့ ...။ ဘာတတ်နိုင်မတုန်း။ မေတ္တာသည်သာ အေးငြိမ်းရာ မှုတ်ဘူးလား။

ကဲ ... ကြည့်ပါ မိတ်ဆွေတို့ရေ ... သကောင့်သားသုံးယောက် ဝါယောသံရည်ပူကျိုပုံတွေ ...

သကောင့်သား (၁)း မြန်မာနိုင်ငံက ကားတွေကလည်း သောက်ရမ်းဂွမ်းတယ်ကွာ ...
သကောင့်သား (၂)း ဟုတ်ပါ့ကွာ ... ကားမောင်းသံကြီးကလည်း သောက်သုံးမကျဘူး။ သောက်ရမ်းကို မြည်နေတာ ... #$%#$
သကောင့်သား (၃)း သောက်သုံးကို မကျတဲ့ နိုင်ငံမှာ သောက်သုံးမကျတာတွေပဲ ဖြစ်နေတာကိုကွာ ... ရှီးမှပဲ ...

.... သို့ကလိုရယ်ပါ ...။ ဒါတွေက အမြည်းသဘောလောက်ပါ။ ဒိထက် ပိုမို အတွင်းကျကျဖြစ်တဲ့ အပိုင်းတွေကလည်း ပါသပေါ့ ... တွင်းကျကျ ပြောမှ ချက်ကျ လက်ကျ အားလုံးကျမှာကို သကောင့်သားတွေ နားလည်ပေသကိုး။

သည်လိုနဲ့ တအောင့်ကြာပြီးနောက် ကျွန်တော့်နားတွေကို အားနာလာမိတဲ့အဆုံး earphone လေးဆို့ထားလိုက်ရတော့တယ်။ ဖုန်းက သီချင်းသံကို Volume မြှင့်လိုက်ရတယ်။ ပြီးတော့ မျက်လုံးတွေကို သူတို့ဖက် လှည့်ကြည့်ရင် ဖောက်ထုတ်ပစ်မယ်လို့ စိတ်ထဲက တော်လဲသံပြုရင်း ကားရှေ့ခန်းဖက်ကို လှည့်နေလိုက်တယ်။ ဒီလိုမျိုး ရွေးချယ်လိုက်တာ ကောင်းတော့လည်း အကောင်းသား။ သီချင်းသံတွေသာ နားထဲမှာ ငြိမ့်လို့ ...။ မြူးစရာ ပျော်စရာ တက်ကြွစရာတွေ ...။ ဒီလိုနဲ့ ....။

နားပူလာပြန်ရော ...။ အစတုန်းက သီချင်းသံငြိမ့်ငြိမ့်တွေက နားထဲ မခံစားချင်လောက်အောင် ငြီးငွေ့စေပြန်ရော ...။ တော်တော်ဆိုးတဲ့ ကျွန်တော့်စိတ် ...။
ဒီတော့ ဘာလုပ်သလဲတဲ့ ...။ နားကြပ်ကို ဖြုတ်၊ သီချင်းကို ပိတ်လိုက်သပေါ့လေ။ ဒီတော့မှ ... နောက်ဘက်ကို သတိတရ လှည့်ကြည်ပါလေရော ...။

ဟောဗျာ ... ဟိုသကောင့်သား ၃ ယောက်က ထိုင်ခုံတွေကိုယ်စီမှာ ထိုင်လို့ အားလုံး တခေါခေါနဲ့ အိပ်မောကျနေပါပကော ...။ သာဓု ... သာဓု ... သာဓု ... လို့ သုံးကြိမ် စိတ်ထဲက သာဓုခေါ်နေမိတယ်။ တိုးတိုးလေးရယ်ဗျာ ... သူတို့တွေ ကျွန်တော့် အသံကို ကြားပြီး နိုးသွားခါမှ ကလော်တုတ်ခံနေရမှာ စိုးလို့ ...။

တအောင့်နေတော့ သကောင့်သားတစ်ယောက်ဆီက ဖုန်းသံမြည်လာနေတယ်။

“ကိုကို ... ဖုန်းလာနေတယ်။ ကိုကိုရေ ... ဖုန်းလာနေတယ်လေ။ ခေါ်မကြားအော်မကြား ...“ (ဖုန်းသံ ...)

“ဟ... လို ... “ (သကောင့်သားရဲ့ အိပ်ချင်မူးတူး ဖုန်းပြန်ထူးသံ ...)

“............... “ (တစ်ဘက်က ပြန်ပြောသံကို မကြားရ ...)

“ဟာ ... ခင်ဗျားဘာလဲဗျ။ ခင်ဗျား ဘယ်က ခွေးကောင်လဲ။ လူလိုနားမလည်ဘူးလား။ ကျွန်တော် အိပ်ချင်နေပီ။ ခင်ဗျားတိရစ္ဆာန်လောက်တောင် နားမလည်တတ်ပါလား ... ကဲဗျာ ... တော်ပြီ ...“ (သကောင့်သား အလင်္ကာဝေဝေနဲ့ ယဉ်ကျေးစွာ ပြန်ပြောသံ ... )

ကျွန်တော် သူတို့ဘက်သို့ တစ်ချက် လှည့်ကြည့်ဖြစ်သွားတယ်။ ခုနက ဖုန်းပြောတဲ့ သကောင့်သား ပြန်အိပ်ဖို့ ကျောကို ထိုင်ခုံပေါ် နည်းနည်းဆန့်ထုတ်လိုက်တာ တွေ့ရတယ်။ ဒါပေမယ့် ... မျက်လုံးမှိတ်တော့မယ် အလုပ်မှာ မထင်မှတ်တာလေးတစ်ခု ဗြုန်းကနဲ့ မြင်လိုက်ရတယ် ။

“ဟဟ ... ဟေ့ကောင်တွေ ... ထ ... ထ ... ထကြပါဦးကွ ... ငါ .. ငါ ခုနက ပြောလိုက်တာ အဘိုးကြီးဖုန်းနံပါတ်လား မသိဘူး။ ပြန်ကြည့်လိုက်ဦးမယ် ...“ သကောင့်သားက ကျောကိုမတ်၊ မျက်လုံးပြူးပြီး ဖုန်း History ကို ပြန်ကြည့်လိုက်တယ်။ သူ့ဘေးက ဘော်ဒါတစ်ယောက်ကလည်း မျက်လုံးပြူးပြီး ကြည့်တယ်။

“ဟာကွာ ... မင်းအဖိုးလောက်များ ... ဂရုစိုက်နေသေးတယ်။ ခေါက်ထားလိုက်ပါကွာ ... ဒီမှာ အိပ်ရေးပျက်ရတဲ့အထဲ မင်းက တမှောင့် ... “ ကျန်တစ်ယောက်ကတော့ ပြန်ပြောတယ်။

“ဟာ ... ဟာ ... သွားပါပြီကွာ ... မအေပေးရေ ... အဘိုးကြီးဆိုတာ ငါ့အဘိုးကို ပြောတာမဟုတ်ဘူးကွ ... ငါ့အဖေကို ပြောတာ ... သွားပြီကွာ ... ငါ အဖေ့ကို လူမှားပြီး ပြောမိသွားပြီကွာ .... ပြဿနာတော့ အကြီးကြီးဖြစ်သွားပြီ။ ဟာကွာ ... သွားပြီ ... သွားပြီ ...“ အဖေကို ကြောက်ပုံရတဲ့ သကောင့်သားခမျာ အခုတစ်ခါ သွေးဆုတ်ဖြူရော်တဲ့ မျက်နှာငယ်လေးနဲ့ နောင်တ ရနေသလိုမျိုး ...။ သနားစရာတောင် ကောင်းသလိုလို ... ရယ်။

ကျွန်တော်ကတော့ ပွဲကြည့်ပရိသတ်တစ်ဦးပါပဲ။ သဘာဝကျလွန်းတဲ့ ပွဲတစ်ပွဲကို ကျွန်တော် ကြည့်ခဲ့ရပြီလေ။ ကျွန်တော် သဘာဝကျစွာ သင်ခန်းစာတစ်ခုကို ရရှိလိုက်ပါတယ်။

သြော် ... လောက ... လောက ... ယူတတ်ရင် သင်ခန်းစာတွေ အများကြီးဆိုတာ တကယ်ပါလားဗျာ။

(ကျွန်တော့်ကိုယ်တွေ့မဟုတ်ပါ။ ကျွန်တော့် သူငယ်ချင်းရဲ့ အတွေ့အကြုံကို တစ်ဆင့် ပြန်လည် ဝေမျှပါတယ်။ သတိထား ဆင်ခြင် ပြောဆိုတတ်ကြပါစေဗျာ။ သင်ခန်းစာ ယူတတ်ကြပါစေ။)

By: ဇွဲသစ် (ရမ္မာမြေ)

၁၄၊၁၊၂၀၁၄

No comments:

Post a Comment