Wednesday 25 November 2015

လေးတောင်မြေက ဟာသများ (၂)

Photo credit: http://www.fansshare.com/gallery/photos/10760734/pikachu-pokemon-cute-face-creative-cartoon-hd-face/?displaying

(၉) လေတိုးသံလား၊ ဗုံးသံလား
.............................

ဂျပန်ခေတ်က ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ်မှ အလွန်ဆင်းရဲသော အသက် (၅၀) အရွယ် အမျိုးသမီးတစ်ယောက်သည် အနီးရှိ ကံတိုင်းနယ်သို့ ရေနံဆီရောင်းရန် သွားခဲ့သည်။


ရေနံဆီကို ပုလင်းထဲတွင်ထည့်လျက် ကံတိုင်းနယ်ရွာများတွင် လှည့်လည်ရောင်းချပြီးနောက် ပုလင်းအခွံများကို တောင်းထဲတွင်ထည့်၊ ခေါင်းပေါ်တင်၍ လေးတောင်နယ်သို့ ပြန်လာခဲ့သည်။

ခေတ်မကောင်းနှင့်ကြုံသောကြောင့် မဟာမိတ်ဗုံးကြဲလေယာဉ်များက ရန်သူဂျပန်များ ရှိတတ်သော နေရာများကို ရှာဖွေလျက် ဗုံးကြဲတတ်လေ့ရှိရာ လေယာဉ်ပျံသံကြားသည်ဆိုလျှင်ပင် ဗုံးခိုကျင်းထဲ လူအားလုံးဝင်ပုန်းကြရသည်မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသည်။

ဒေသခံများအာလုံး ကျီးလန့်စာစားဖြစ်နေကြရသည်။

ထိုသို့သောအချိန်အခါမျိုးတွင်မှ ငွေပိုငွေလျှံရလို၍ ကံတိုင်းနယ်သို့ အရဲစွန့် သွားရောက် ရောင်းချခဲ့သူ ဒီအမျိုးသမီး...

ငွေအနည်းငယ် လက်ဝယ်ပိုင်ပိုင် ရလာသောအခါ သူပြုံးတုံ့တုံ့.... အပြန်ခရီးမှာ ခြေလှမ်းများက ခါတိုင်းထက် ပိုသွက်လက်မြန်ဆန်လျှက်...

သို့သော်... သူ့အပျော်မှာ ကြာရှည်မခံလိုက်...

သူ့နားထဲ၌ “ရွှီ“ ဟူသောအသံကို သဲ့သဲ့ ကြားနေရသယောင်ယောင် ထင်လာမိနေသည်။

“စိတ်ထင်တာပဲ ဖြစ်မှာပါ“ ဟု မိမိကိုယ်ကိုယ် ဖြေတွေးတွေးကြည့်သည်။

ကံတိုင်းနယ်ဖက်မှ လေးတောင်ဖက်သို့ အသွားလမ်းမှာ တောင်ပေါ်မှ ဆင်းရသလိုဖြစ်နေသည်။

တစ်နေရာအရောက် သူ...တွန့်ခနဲဖြစ်သွားသည်။

အတော်မတ်စောက်သော တောင်ကုန်းတစ်ခုပေါ်မှ ခပ်သုတ်သုတ် ဆင်းနေသောအချိန်...

“ရွှီ... ရွှီ...ရွှီ.....“

အသံက ကျယ်သထက်ကျယ်လာသည်။

“ဟိုက်...သေပြီ...လေယာဉ်ပျံတွေလာနေပြီ။ ဗုံးကြဲတော့မှာပဲ။ ဒုက္ခပါပဲ။ ငါ့တော့ မြင်ကုန်တော့မှာပဲ။ ဗုံးထိခံရတော့မှာပဲ။ ဒီခေါင်းပေါ်ကတောင်းကလ်ည်းတစ်မျိုး... ကဲဟယ်...“

“ဘုန်း...“ “ခွမ်း...“

ကြောက်လန့်တကြား သူ တောင်းကို ခေါင်းပေါ်ကနေ လွင့်ပစ်လိုက်သောအသံ... ထို့နောက်... ပုလင်းများ ကွဲသံ....

သူ တောင်ကုန်းအဆင်းလမ်းဘေးမှ ချုံပုတ်ထဲသို့ တိုးဝင်ပုန်းခိုနေလိုက်သည်။

အသံကို ဆက်နားထောင်လိုက်သည်။

လေတိုးသံမှ လွဲ၍ မည်သည့်အသံမှ မကြားရတော့...။

ခဏအကြာမှာ သူ အပြင်ထွက်လာသည်။

လွှင့်ပစ်ခဲ့လိုက်သော တောင်းကို ကောက်ယူဖို့ ကြိုးစားလိုက်သည်။

ပါသမျှ ပုလင်းများမှာ ကွဲကြေခဲ့ရပြီ။

ရှိစေတော့... သူအပြုံးမပျက်... တောင်းတစ်လုံးကိုသာ ခေါင်းပေါ်ပြန်တင်ပြီး ဇာတိနယ်သို့ ပြန်လာခဲ့လိုက်သည်။

လမ်းတစ်လျှောက်မှာ သူ သက်ပြင်းချရင်း ရေရွတ်လာခဲ့လိုက်သည်။

“ဟူး.... တော်သေးတာပေါ့... လေယာဉ်ပျံတွေ ခေါင်းပေါ်က ဖြတ်မသွားကြလို့... မဟုတ်ရင်တော့ ငါ့အဖြစ်က မတွေးဝံ့စရာပဲ။ ပုလင်းတွေတော့ နှမြောပါတယ်။ ဒါပေမယ့် အသက်က ပုလင်းတွေထက် ပိုတန်ဖိုးရှိပါတယ်လေ။“ ဟူသတတ်။

အမှန်က တောင်ကုန်းပေါ်မှအဆင်း လေအနည်းငယ်ပြင်းသဖြင့် ပုလင်းခွံထဲလေဝင်ပြီး တရွှီရွှီ အသံမြည်ခဲ့သည် ဆိုသောအချက်ကိုကား သူ့ခမျာ မသိခဲ့ရှာ....

By: ဇွဲသစ် (ရမ္မာမြေ)

၁၃၊ ၇၊ ၂၀၁၃ (စနေနေ့)

No comments:

Post a Comment