Sunday 29 November 2015

ခရစ်စမတ်နှင့်တစ်ခုသော အမှတ်တရ


ခရစ်စမတ်ရောက်ပြီဆိုရင် တက္ကသိုလ်တုန်းက သူငယ်ချင်းတစ်ယောက်ကို သွားသွားသတိရတယ်။

သူနဲ့အတူတူ သင်တန်းတက်ဖူးတယ်။ စ၊ နောက် ပျော်ရွှင်ခဲ့ဖူးတယ်။


ဝမ်းနည်းမှုတွေကို အတူတူ မျှဝေခဲ့ဖူးတယ်။

တစ်ယောက်အပေါ်တစ်ယောက် အကြံပေးခဲ့ဖူးတယ်။

တစ်ယောက်အပေါ်တစ်ယောက် နှစ်သိမ့်ပေးဖူးတယ်။

တစ်ယောက်အပေါ်တစ်ယောက် စာနာ ကူညီပေးဖူးတယ်။

တစ်ယောက်အိမ်တစ်ယောက်လိုက်ပြီး စားသောက်ဖူးတယ်။

တစ်ဆောင်တည်း ကုတင်ဘေးချင်းကပ် နေခဲ့ကြဖူးတယ်။

သင်တန်းအတူတူ တက်ဖူးခဲ့ကြတယ်။

တစ်ခါတစ်ခါ ကိုယ်က သူ့အပေါ် ဆရာ ဖြစ်လိုက်၊ တစ်ခါတစ်ခါ ကိုယ်က သူ့ဆီမှာ တပည့်ခံလိုက်နဲ့ ကြည်နူးစရာ အမှတ်တရတွေပါပဲ။

ခုတော့ တစ်ယောက် တစ်နယ်စီမှာပေါ့လေ။

သူနဲ့ ပတ်သက်တဲ့ ခရစ်စမတ် အမှတ်တရကတော့ ဒီလိုပါ။

အဲဒီအချိန်တုန်းက ခရစ်ယာန်ဘုရာကျောင်းတစ်ကျောင်းမှာ နိုင်ငံခြားသားခရစ်ယာန်ဘာသာဝင်တွေသင်ပေးတဲ့ အင်္ဂလိပ်စာ သင်တန်းကို တနင်္ဂနွေနေ့တိုင်း သူနဲ့ကိုယ် အတူတူ သွားတက်ခဲ့ကြတယ်။

အဲဒီနေ့က ကိုယ်က ပါမသွားဘူး။

အဲဒီနေ့က သူပြန်လာတော့ ကိုယ်နဲ့ ကျန်သူငယ်ချင်းတွေကို ပြန်ပြောပြတယ်။

“ဟာကွာ ... ဒီနေ့ ကျောင်းမှာ သူတို့ ခရစ်ယာန်တွေ မတ်တပ်ရပ်ပြီး အော်ဆိုကြတယ်ကွာ။ ငါလည်း မတ်တပ်ရပြီး လိုက်အော်တာပဲ။ ဘာရမလဲ ... “

“ဟေ ... သူတို့က ဘာဆိုလို့ မင်းက ဘာလိုက်အော်တာလဲကွ ... “ လို့ ကျွန်တော်က မေးတော့ သူက စကားဆက်တယ်။

“မင်းသိတဲ့အတိုင်းပဲလေ ...။ အခုချိန်က နှစ်သစ်အချိန်ဆိုတော့ Happy New Year ... လို့ အော်ကြမှာ မဟုတ်ဘူးလား။ ဒါပေမယ့် သူတို့က စကားမပီတာလား သိပါဘူးကွာ။ ဟာလေလူးယား။ ဟာလေလူးယား ... ဆိုလားပဲ။ ငါကြားမိတာ။ ငါကလည်း ဘယ်ရမလဲ ... သူတို့တွေ မှားပေမယ့် ငါမမှားအောင် သူတို့လည်း အသံထွက်အမှန်ကို သိအောင် အသားကုန် အော်ပလိုက်တယ်ဟေ့ ... Happy New Year ... Happy New Year လို့လေ ...“

သူက ရိုးသားစွာ ပြောနေလေရဲ့ ...

ကိုယ်နဲ့ ကျန်သူငယ်ချင်း ၂ ယောက်ကတော့ ရယ်ချင်စိတ်ကို ထိန်းမရတော့။ ကိုယ်တို့က ရယ်ချင်လေလေ သူက ကြောင်တောင်တောင် ဖြစ်လေလေ။ နေမထိ ထိုင်မသာ ဖြစ်လေလေပါပဲ။

“ဟိုက် ... ငါ ဘာမှားသွားလို့လဲကွ ...။ မင်းတို့ကလည်း ...“ တဲ့။ သူ့မျက်နှာက နည်းနည်း ရှက်နေတဲ့ ပုံစံမျိုး။

ဒီတော့မှ သူငယ်ချင်းတစ်ယောက်က ဝင်ပြောတယ်။

“ဟကောင်ရ ... မင်းဟာက သူများကို မသိဘဲနဲ့ ဆရာကြီးသွားလုပ်သလို ဖြစ်နေပြီ။ ဟိုကဆိုသွားတာ အမှန် ... မင်းဆိုလိုက်တာမှ အမှားကြီးကွ။ ဟိုက ဆိုသွားတာ Hallelujah ဆိုတာ ဘုရားသခင်ကို ဦးညွှတ်ပူဇော်ပါတယ် ... ဆိုတဲ့အဓိပ္ပာယ်မျိုးရတဲ့ ခရစ်ယာန်ဘုရားရှိခိုးတဲ့ စကားလေးလေ။ မင်းက မသိပဲနဲ့ ငတတ်ကြီးသွားလုပ်တာကိုးကွ ... ဟား ..ဟား ...“

“အေးကွ ... အဲဒါကြောင့် ဖြစ်မယ်။ ဘေးက ကောင်မလေးတစ်ယောက်က ငါ့ကို ပြုံးတုံ့တုံ့လေးလုပ်ပြတယ်။ ဘယ်ရမလဲ ... ငါလည်း ပြန်ပြုံးပြလိုက်တာပေါ့ကွာ။ ငါကတော့ ဒီကောင်မလေးနဲ့ အိုခေပြီလို့တောင် ထင်သွားတာ ... ဘယ်ဟုတ်မလဲ ... ငါမှားနေတာသိလို့ သူက ရယ်ချင်စိတ်ကို မျိုသိပ်ပြီး ပြုံးပြသွာတာ ထင်ပါရဲ့ ... သွားပါပြီကွာ ... ရှက်လိုက်တာ ... ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ မသိတော့ဘူး“

“အခုမှ လုပ်မနေတော့နဲ့ ဟေ့ကောင် ... ရှက်နေလို့အပိုပဲ။ ဟား ... ဟား... “

ဒီလိုနဲ့ ရယ်ပွဲနဲ့သာ စကားဆုံးသွားခဲ့ကြပေါ့။

သူငယ်ချင်းတွေ ပြန်ပြီး တွေ့ ဖြစ်ကြတဲ့အခါမှာတော့ အဲဒီကိစ္စ ပြန်ပြန် ပြောဖြစ်ကြမှာပါ။

အတိတ်တစ်ချိန်က ကြည်နူးစရာအချိန်လေးက ရင်ထဲတွဲခိုနေဆဲ ....

By: ဇွဲသစ် (ရမ္မာမြေ)

၂၅၊ ၁၂၊ ၂၀၁၃

No comments:

Post a Comment