Sunday 29 November 2015

မျက်လုံးတစ်ဖက်လပ်နဲ့ အမေ


ကျွန်တော့် အမေဟာ မျက်လုံးတစ်ဘက်လပ်ပါ။ ကျွန်တော် သူမကို မုန်းတီးခဲ့တယ်။ သူမဟာ ကျွန်တော့်အတွက် အရှက်ရစေသူတစ်ယောက် ဖြစ်ခဲ့တယ်။ အမေဟာ မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ ကျောင်းသားတွေ၊ ဆရာတွေအတွက် ထမင်း၊ ဟင်း ချက်ပြုတ်ပေးရသူပါ။


တစ်နေ့ ကျွန်တော် မူလတန်းကျောင်းတက်နေချိန်မှာ အမေ ကျောင်းသို့ ရောက်လာပြီး ကျွန်တော့်ကို နှုတ်ဆက်တယ်။ ကျွန်တော် တအား ရှက်သွားခဲ့တယ်။

သူ ဘယ်လိုများ ဒီလို လုပ်ရက်ခဲ့ပါလိမ့်။ ကျွန်တော် အမေ့ကို လျစ်လျူရှုခဲ့တယ်။ သူမကို မုန်းတီးစက်ဆုပ်စွာ တစ်ချက် ပစ်ကြည့်လိုက်တယ်။ ပြီးတော့ ကျွန်တော် ပြေးထွက်သွားခဲ့တယ်။ နောက်တစ်နေ့ ကျောင်းရောက်တော့ အတန်းဖော်တစ်ယောက်က ပြောလာတယ်။ “ဟား ဟား … မင်းအမေက မျက်လုံးတစ်ဘက်လပ်နဲ့နော်“ တဲ့။

ကျွန်တော့်ကိုယ်ကျွန်တော် နေရာမှာတင် မြေမြှပ်သဂြိုလ်ပစ်လိုက်ချင်တယ်။ အမေ့ကိုလည်း လုံးဝ ပျောက်ကွယ်သွားစေချင်ခဲ့တယ်။ အဲဒီနေ့က ကျွန်တော် အမေ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး ပြောဖြစ်ခဲ့တယ်။ 

“အမေက ကျွန်တော့်ကို လူဘုံအလယ်မှာ ဟားစရာ ဖြစ်အောင်ပဲ လုပ်နေမယ်ဆိုရင် အမေ သေသာသေလိုက်တော့ဗျာ။“

အမေ ဘာမှ ခွန်းတုံ့မပြန်ခဲ့။ ကျွန်တော် အင်မတန် ဒေါသထွက်နေတဲ့အတွက် ကိုယ် ဘာပြောလိုက်မှန်း ခဏလေးတောင် မစဉ်းစားမိခဲ့ဘူး။ အမေ့ခံစားချက်တွေကိုလည်း ကျွန်တော် မသိကျွို့ကျွံပြုခဲ့တယ်။

အဲဒီအိမ်ထဲက ကျွန်တော် ထွက်ပြေးချင်ခဲ့တယ်။ ပြီးတော့ သူမနဲ့ လုံးဝ မပတ်သက်လိုတော့။ ဒါကြောင့် ကျွန်တော် တကယ် ကြိုးစားဖြစ်ခဲ့တယ်။ ကြိုးစားတော့လည်း နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ အခွင့်အလမ်း ရခဲ့တယ်ပေါ့လေ။

အဲဒီနောက်မှာ ကျွန်တော် အိမ်ထောင်ကျခဲ့တယ်။ ကျွန်တော့်ကိုယ်ပိုင် အိမ်တစ်လုံးကို ဝယ်ခဲ့တယ်။ သား၊ သမီးတွေတောင် ကျွန်တော့်မှာ ရှိလာခဲ့ပြီ။ ကျွန်တော့် ဘဝ၊ ကျွန်တော့် သား၊ သမီး၊ ကျွန်တော့် စည်းစိမ်ဥစ္စာတွေနဲ့ ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အမေ ကျွန်တော့်ဆီကို လာလည်တယ်။ သူ ကျွန်တော့်ကို မတွေ့တာ နှစ်တွေ ညောင်းလှပေါ့။ သူ့ မြေးတွေကိုတောင် မမြင်ဖူးခဲ့ပါဘူး။

သူမ တံခါးနား လာရပ်တဲ့အချိန်မှာ ကျွန်တော့် သား၊ သမီးတွေက သူမကို လှောင်ပြောင်ရယ်မောခဲ့ ကြတယ်။ မဖိတ်ခေါ်ဘဲ ရောက်လာရကောင်းလားဆိုပြီး ကျွန်တော် သူမကို အော်ငေါက်ခဲ့တယ်။ ပြီးတော့ သူမကို ဒီလို အော်ငေါက်ပြောဆိုဖြစ်သွားခဲ့တယ်။ 

“အိမ်ကိုလာပြီး ကျုပ်သား၊ သမီးတွေ လန့်သွားအောင် လာခြောက်ရဲတယ်ပေါ့လေ။ ဒီက ထွက်သွား … ။ အခု သွားတော့ …"

ကျွန်တော် ဒီလို ပြောလိုက်တော့ အမေက အသံတိုးတိုးလေးနဲ့ ပြန်ဖြေတယ်။ 

“အို … တောင်းပန်ပါတယ်ရှင်။ ကျွန်မ လိပ်စာမှားဝင်မိတာ ဖြစ်ပါလိမ့်မယ်။“ တဲ့။

ပြီးတော့ သူမ မြင်ကွင်းက ပျောက်ကွယ်သွားခဲ့တယ်။

တစ်နေ့ … ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲအတွက် ဖိတ်စာတစ်စောင် ကျွန်တော့်အိမ်ကို ရောက်လာတယ်။ ဒါကြောင့် ဇနီးဖြစ်သူကို အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်လို့ လိမ်ခဲ့တယ်။ ပြန်လည်တွေ့ဆုံပွဲအပြီးမှာ စူးစမ်းလိုစိတ်နဲ့ တဲအိုဟောင်းလေးရှိရာဆီ ကျွန်တော် သွားခဲ့တယ်။

ကျွန်တော့် အိမ်နီးချင်းတွေက အမေ သေသွားပြီလို့ ကျွန်တော့်ကို ပြောကြတယ်။ ကျွန်တော် မျက်ရည်တစ်စက်မှ မကျခဲ့ဘူး။ သူတို့က အမေ ကျွန်တော့်ဆီ ပို့ပေးစေချင်တဲ့ စာလေးတစ်စောင်ကို ကျွန်တော့်လက်ထဲ ထည့်ပေးခဲ့ကြတယ်။

စာက ဒီလိုပါ …။

“ အမေ့ အချစ်ဆုံး သားလေးရယ် …

အမေ သားအကြောင်းကို တစ်ချိန်လုံး တွေးနေမိတယ်ကွယ်။ သားတို့အိမ်ကိုလာပြီး သားရဲ့ ကလေးတွေကို ခြောက်လှန့်သလိုဖြစ်စေခဲ့တာအတွက် အမေ တောင်းပန်ပါတယ်ကွယ်။

ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ်ဆိုတာ ကြားခဲ့ရလို့ အမေ ဝမ်းသာလိုက်တာကွယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အမေ အိပ်ရာကတောင် ထနိုင်မှာ မဟုတ်တော့ဘူး …။ သားလေး လူလားမြောက်လာတဲ့ အချိန်တလျှောက်လုံးမှာ အမေဟာ သားအတွက် အမြဲတမ်း အရှက်ရစရာလူသားတစ်ယောက် ဖြစ်နေခဲ့တာကို အမေ ယူကြုံးမရဖြစ်မိတယ်ကွယ်။

သားလေး သိထားဖို့က … သား အသက် ငယ်ငယ်လေးအရွယ်မှာ ယာဉ်မတော်တဆမှုတစ်ခုထဲ သား ပါသွားခဲ့တယ်။ ပြီးတော့ သားရဲ့ မျက်လုံးတစ်ဖက် ပျက်စီးဆုံးရှုံးသွားခဲ့တယ်။ မိခင်တစ်ယောက်အနေနဲ့ သားလေးတစ်သက်လုံး မျက်လုံးတစ်ဖက်လပ်နဲ့ ကြီးပြင်းလာရမှာကို အမေ မကြည့်ရက်နိုင်ခဲ့ဘူး။ အဲဒါကြောင့် အမေ့မျက်လုံးတစ်ဖက်ကို သားလေးအတွက် အမေ ပေးခဲ့တာပါကွယ်။

အဲဒီမျက်လုံးနဲ့ အမေ့သားလေး အမေ့ကိုယ်စား သစ်လွင်တဲ့ ကမ္ဘာလောကကြီးတစ်ခုလုံးကို ကြည့်မြင်လာခဲ့ရတဲ့အပေါ် အမေ ဂုဏ်ယူမဆုံး ဖြစ်မိခဲ့ပါတယ် သားလေးရယ်…။

သားလေးအတွက် မေတ္တာတွေ ပုံအောပေးထားတဲ့ …

သားရဲ့ အမေ … "



(အမည်မသိ စာရေးဆရာတစ်ဦး၏ “My mom only had one eye“ ကို ဆီလျော်အောင် မြန်မာပြန်ပါသည်။)

(လူတိုင်း မိဘကျေးဇူးကို အထူးသိတတ်၍ အချိန်ရှိခိုက် အတတ်နိုင်ဆုံး ကျေးဇူးဆပ်နိုင်ကြပါစေ။ နောက်မှ နောင်တရမည့် သားဆိုး၊ သမီးဆိုးများ မဖြစ်ကြပါစေနှင့် … ဟူ၍ ဆန္ဒပြုလျှက် …. )


ဘာသာပြန်သူ - ဇွဲသစ် (ရမ္မာမြေ)

၁၅၊ ၁၀၊ ၂၀၁၃

No comments:

Post a Comment