Tuesday 24 November 2015

အတ္တမဲ့လူသား (သို့) အာဇာနည် အသျှင်ဦးဥတ္တမသို့

ကျွန်ဖြစ် နွံနစ်ခဲ့တဲ့
မြန်မာပြည်။

နွံတွင်းက မတက်နိုင်
ငေးကာမှိုင်တဲ့ မြန်မာတွေ။


ရရာလက်နက်စွဲကိုင်
တော်လှန်ပိုင်သတဲ့။

တုတ်ပြီး၊ ဓားပြီး၊
သေနတ်ပြီး သတဲ့။

မိစ္ဆာတို့ သေနတ်ပြောင်းဝက
ထွက်လာတဲ့ ကျည်ဆံဒဏ်
သူတို့တွေ ခံနိုင်ခဲ့ကြရဲ့လား။

ဒီအချိန်…..
နွံတွင်းက လူတွေကို ကယ်ထုတ်
လွတ်လမ်းကို ခပ်သုတ်သုတ် ဆွဲတင်နိုင်မယ့်
ဧရာမသံမဏိကြိုးမျှင်တစ်ခု
ပေါ်ထွန်းလာခဲ့ပကော။

မြန်မာပြည်လွတ်လပ်ရေးအတွက်
ဗုဒ္ဓသားတော်အစစ်ပီပီ
နှလုံးရည်တိုက်ပွဲကို
ခိုင်ကျည်တဲ့စိတ်ထားနဲ့
တိုက်ခဲ့သူ။

နွံနစ်သူအားလုံးအတွက်
ဘေးကင်းရန်မခ
လွတ်ငြိမ်းကြဖို့ အစပျိုးပြီ … ဆိုတဲ့ အသိ
ဖျတ်ခနဲ လင်းလက်တောက်ပ
အတွေး၊အသိ၊သတိ၊သတ္တိ၊ဇွဲ၊လုံ့လ၊အားမာန်တို့
တမုဟုတ်ချင် နိုးကြွ
ဟော… အာရှတစ်ခွင်လုံးက ပြောကြပြီ
“အာရှ နေဝန်း” ပါတဲ့။

သူ့စိတ်ဓာတ်၊ သူ့အားမာန်
သူ့ဇွဲ၊ သူ့လုံ့လ
သူ့စေတနာ၊ သူ့သတ္တိ
သူ့ခံယူချက်၊ သူ့အမြင်
မြန်မာပြည်သူအားလုံးအတွက်
မှတ်သားစရာအတိ…
ပြတ်သားစွာ သတိဖြင့်
မျှော်လင့်ချက် ရောင်နီသန်း
လွတ်လပ်ရေး ဆိုတဲ့
တစ်စခန်း ထခဲ့ပေါ့။

လွတ်လပ်ရေးအတွက်
ငတ်မွတ်ခဲ့တဲ့ မြန်မာတွေအကျိုးငဲ့
ပြောစမ်းဟဲ့ မနားမနေ
ဟောစမ်းဟဲ့ တရားတွေ
သွင်းစမ်းဟဲ့ သခင်စိတ်တွေ
မကြောက်တမ်းဟဲ့ ထောင်နန်းရေ….

ဒီလို ဒီလိုနဲ့ …
သူ့စကားတွေကစ
သူ့တရားတွေကကြွ
သူ့သဘောကျ လွတ်လပ်ရေး
နောက်က လူတွေ ဆက်သယ်ပိုးဖြစ်စေဖို့
ကနဦး အစပျိုးခဲ့သူ
ကိုယ်ကျိုးမငဲ့ အသက်ပေးခဲ့သူ
အနန္တကျေးဇူးတော်ရှင်
အာဇာနည် အရှင်ဦးဥတ္တမ….


(၉၊၉၊၂၀၁၃ ရက်နေ့တွင် ကျရောက်သော ဆရာတော်ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ပါသည်။)

(၂၀၁၄ ခုနှစ်ထုတ် ရွှေကျွန်းသန္တာမဂ္ဂဇင်း၊ အမှတ် (၄) တွင် ဖော်ပြပြီး။)

No comments:

Post a Comment