Friday 27 November 2015

အမေ့ခံ အမေ


ဆံပင်ဖြူဖြူ အဘွားအိုတစ်ယောက် တစ်ကိုယ်တည်း ထိုင်နေလေရဲ့ ...
ချစ်ခင်ကြင်နာမှု မရရှာတော့သူ
နှစ်သက်လက်ခံမှု မရှိရှာတော့သူ
အညတရ ဘဝနဲ့ သူ...
ကျိုးပဲ့နေတဲ့ တံခါးဘေးမှာ သူ ထိုင်နေရှာရဲ့ ...


ကြာခဲ့ပြီဖြစ်တဲ့ အတိတ်နေ့ရက်တွေဆီက
သားသမီးတွေ သူ့ ခြေတဝိုက် လှည့်ပတ်ကစားကြတာတွေ ...
ကလေးတို့ ဘာသာဘာဝ ပျော်ရွှင်မြူးကြွကြတဲ့ အသံတွေနဲ့ ဝန်းကျင်တခို လွှမ်းခြုံနေတာတွေ ...
မိခင်တစ်ယောက်ရဲ့ တောင်းဆုပြည့်ခဲ့ပြီဆိုတဲ့ အသိစိတ်နဲ့
ချစ်မေတ္တာအပြည့် သူ ပြုစုယုယပေးခဲ့တာတွေ ...
ဒါတွေဟာ သူ့အတွက်တော့ စိတ်ကူးယဉ်ကမ္ဘာလေးဖြစ်လို့ ...

ဒါပေမယ့် ခုတော့ သူတို့တွေ ကိုယ်စီကိုယ်ငှ ကိုယ့်ဘဝထဲ လျှောက်လှမ်းကြပေါ့ ...
သမီးက သူ့ယောက်ျားဆီ ... သားက သူ့မိန်းမဆီ...

တစ်ဖြည်းဖြည်း သက်ဆင်းလာတဲ့ မျက်ရည်စကို တိတ်တဆိပ် သုတ်ရင်း
ဒီမှာ ထိုင်ထိုင်နေတတ်တဲ့ ဒီအဘွားအိုကို သူတို့တွေ မေ့ကြပြီပေါ့ ...

တိုတောင်းလှတဲ့ ဘဝတာမှာ အရာရာတိုင်းအတွက် ကြိုးစားရင်း
မေတ္တာရှင်မိခင်အိုကြီးရဲ့ သောကဗျာပါဒတွေကို မမြင်နိုင်လောက်အောင် သူတို့တွေ မျက်စိမွဲရှာလေပြီလား ...

မိခင်မှာတော့ သားသမီးတွေအပေါ် အပြစ်တင်စကားလည်းမဆို ... အပြစ်တင်လိုစိတ်လည်း မဖြစ် ...
သူ့အပေါ် လျစ်လျူရှုရက်လေခြင်း ... ရက်စက်လေခြင်းရယ်လို့ မမှတ် ...

သားသမီးတွေ ဘယ်လိုပဲ အကြင်နာမဲ့ပါစေ
ခွင့်လွှတ်မေ့ဖျောက်ပေးမယ့်
ဒီမိခင်အိုကြီးခမျာမှာတော့ တစ်ကိုယ်ထီးတည်း ထိုင်လို့ရယ် ...

(မိဘနှစ်ပါးကို အမြဲမပြတ် သတိတရ ကျေးဇူးဆပ်နိုင်ကြပါစေ။ ဒီကဗျာထဲကလိုမျိုး မိဘတွေ မြန်မာနိုင်ငံမှာလည်း မရှိစေချင်ပါ ... ကမ္ဘာမှာလည်း မရှိစေချင်ပါ။ မရှိပါစေနဲ့လို့လည်း အမေများနေ့မှာ ဆုတောင်းပေးလိုက်ပါတယ်။)

မူရင်းကဗျာရှင် = Ruby Latimar Edwards
ဘာသာပြန် = ဇွဲသစ် (ရမ္မာမြေ)
၁၀.၅.၂၀၁၅ (တနင်္ဂနွေနေ့)

No comments:

Post a Comment