Saturday 28 November 2015

စွဲလမ်းဖူးတဲ့ ဒီစာအုပ် နှင့် ကျွန်တော့် ဟီရိုးများ


သူ တဲ့။ စာအုပ်နာမည်။ နာမည်ကြီးစာရေးဆရာရဲ့ နာမည်ကြီးစာတစ်အုပ်။

စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးကျွမ်းကျင်နှံစပ်သူ ဂျာနယ်ကျော် ဦးချစ်မောင် ရေးခဲ့တဲ့ စာအုပ်။


ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးစာအုပ်လေးအဖြစ် နှလုံးသားထဲမှာ တစ်သက်တာ ကမ္ဗည်းတင်ဖြစ်နေမယ့်စာအုပ်လေး။

ဒီထဲက အဓိကဇာတ်ဆောင် ဆရာဝန်ဟာ မြင့်မြတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်၊ ပရဟိတသမားစစ်စစ်၊ အများကောင်းကျိုးအတွက် ကိုယ့်ကောင်းကျိုးကို စွန့်လွှတ်ခဲ့သူ၊ လူနာတွေအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူ။

မီးလောင်နေတဲ့အိမ်ထဲမှာ ပိတ်မိနေတဲ့ အဘိုးကြီးကို ကယ်တင်ရင်း အပေါ်က မီးလောင်ကျလာတဲ့အရာတစ်ခုကြောင့် ပါးမှာ သေရာပါ အမာရွတ်တစ်ခု ကန့်လန့်ဖြတ်ပါသွားခဲ့ပြီး၊ ခြေတစ်ဖက် သုံးစားမရ၊ ချိုင်းထောက်ကိုသာ အားကိုးရရှာတဲ့ ဒုက္ခိတ .. ဆရာဝန်။

ကြောက်စရာ့မျက်နှာနဲ့ ချစ်စရာ့နှလုံးသားပိုင်ရှင်တစ်ယောက်။

သူ့ကို သူများတွေအထင်ကြီးလေးစားမှုကို မလိုလားလို့  သူ့ကောင်းကွက်တွေကိုတောင် မပြောဖြစ်အောင် မိတ်ဆွေတွေကို တိုးတိုးတိတ်တိတ် နှုတ်ပိတ်ထားခဲ့သူ။

သူနဲ့ပတ်သက်လာသမျှ လူတွေကို သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်သူ။

သူကသာ အပေးသက်သက်၊ ပရသမားသက်သက်၊ အတ္တလုံးဝမစွက်သူ ပါရမီရှင် လူထူးဆန်းတစ်ဦး။

တောရွာလေးမှာ မရှိဆင်းရဲသားတွေဆီကနေ ပိုက်ဆံတစ်ပြားသားမှ မယူဘဲ လှည့်လည်ကုသခဲ့သူ... စေတနာဆရာဝန်...

သြော်... သူ...သူ...သူ... တကယ့်သူမှ သူပါပဲ...

ဂျာနယ်ကျော်မမလေးက အကြွေစောခဲ့လေတဲ့ သူ့ယောကျာ်း ဂျာနယ်ကျော်ဦးချစ်မောင် အကြောင်းကို ဂန္တဝင်တွင်တဲ့ စာတစ်အုပ် ရေးဖြစ်ခဲ့တယ်။

စာအုပ်အမည်က “သူလိုလူ“ ပါတဲ့...။

အဲဒီစာအုပ်ကို ဖတ်ပြီး ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ စာအုပ်နာမည်ပေးဖြစ်ခဲ့ပုံလေးကို စိတ်ကူးနဲ့တွေးမိခဲ့တယ်။

ကျွန်တော်တွေးမိတာက ...

ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်ဆိုတာလည်း “သူ“ လိုလူ ပါပဲ။ ဒါက အဓိပ္ပာယ်တစ်ခု...

နောက်တွေးမိတဲ့ အဓိပ္ပာယ်က... ဂျာနယ်ကျော်ဦးချစ်မောင်ဟာ ... သူမတူတဲ့သူ၊ သူလိုလူ အတူမရှိဆိုတဲ့ထဲက တစ်ယောက်၊ အရွယ်နှင့်မလိုက်အောင် ထူးချွန်ပြောင်မြောက်ခဲ့သူတစ်ယောက်။ ဒါကြောင့် သူလိုလူ လို့ပေးမိတာများ ဖြစ်လေမလား။

ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ပတ်သက်ပြီး ဂျာနယ်ကျော်မမလေးပြန်ရေးတဲ့အခါ လောကကြီးအကြောင်းကိုမသိတဲ့ ပညာရှင်တစ်ယောက်ဆိုပြီး သုံးသပ်တယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိ (ယခုအခေါ် ပါမောက္ခချုပ်) ဖြစ်ခဲ့သူ ဆရာကြီးဒေါက်တာထင်အောင်ကိုလည်း သူ့အသိုင်းအဝိုင်းက ဆရာဂျာနယ်ကျော်လို သမုတ်ခံခဲ့ရတယ်။

ဒီလိုပါပဲ... လောကကြီးမှာ တစ်ဖက်မှာ ထူးချွန်နေရင် တစ်ဖက်မှာ အားနည်းချက်တွေ ရှိတတ်ကြမှာ ဓမ္မတာပါပဲ...

အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။

Every cloud has a silver lining.
တိမ်မိုးညိုတိုင်းမှာလည်း ငွေရောင်အနားကွပ် ရှိတတ်ပါသတဲ့...။

ဒါပေမယ့်... သူတို့တွေ အသီးသီးဟာ လောကကောင်းကျိုး၊ လူသားကောင်းကျိုးကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့ကြသူတွေထဲမှာပါတယ်။

သူတို့တွေ အဲလို ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်လောက်အောင်ကို သဲကြီမဲကြီး ကြိုးစားခဲ့ကြလို့လည်း သမိုင်းဝင်၊ သမိုင်းတွင်ခဲ့ကြသပေါ့...

သာမန်လူတစ်ယောက်အနေနဲ့ မြေမှုန့်ဖြစ်သွားမှာနဲ့နှိုင်းစာရင် ကျွန်တော်တော့ သူတို့တွေလိုပဲ လောကကောင်းကျိုးပြုနိုင်တဲ့ သူ ဖြစ်သွားချင်မိတယ်ဗျာ...။

ပြောရမယ်ဆိုရင် ဂျာနယ်ကျော်ဦးချစ်မောင်၊ သူ ဝတ္ထုထဲက အကျည်းတန်ဒုက္ခိတဆရာဝန်၊ ဒေါက်တာထင်အောင်တို့တွေဟာ ကျွန်တော့်အတွက်တော့ ဟီးရိုးတွေပါပဲ။

By: ဇွဲသစ် (့ရမ္မာမြေ)

၇၊ ၇၊ ၂၀၁၃ (တနင်္ဂနွေနေ့)

No comments:

Post a Comment