Tuesday 24 November 2015

ဗြဟ္မာဦးခေါင်းနှင့်ပလတ်စတစ်


မြင်ကွင်း (၁)
+++++

“ဟေ့-ပူတဲ့အရည်ကို ပလတ်စတစ်အိတ်နဲ့ မထည့်ရဘူးလေ။ ပလတ်စတစ်က ပူတဲ့အရည်တစ်မျိုးနဲ့ထိတွေ့ရင် ဓာတ်ပြောင်းလဲမှုဖြစ်ပြီး ပလတ်စတစ်အမှုန်အမွှားလေးတွေက အဲဒီအရည်ထဲကို ၀င်သွားမှာဗျ။ အဲဒီအရည်ကို သောက်မိရင် ပလတ်စတစ်အမှုန်အမွှားလေးတွေ အူတွေထဲဝင်သွားပြီး ခင်ဗျားဘ၀တလျှောက်လုံး ရှိနေကြလိမ့်မယ်။ အဲဒီအရည်ကို များများသောက်မိရင် ကင်ဆာရောဂါနဲ့ စောစောသေဖို့ သေချာသလောက်ဘဲကွ။”


“အို-ဟုတ်လား”

“ဟုတ်တယ်။ ဒါ့အပြင် တကယ်လို့ မြေကွက်တစ်ကွက်ပေါ်မှာ ပလတ်စတစ်ကိုစွန့်ပစ်ရင် နှစ်တွေရာချီကြာအောင် ပုပ်ဆွေးမှာ မဟုတ်ဘူး။ ပလတ်စတစ်အမှိုက်တွေရှိတဲ့ မြေဟာ အပင်တွေ ကောင်းကောင်း ရှင်သန်နိုင်ဖို့ မြေဩဇာမရနိုင်တော့ဘူး။ ဒါ့ကြောင့် ပလတ်စတစ်ကို မြေကြီးထဲ မြှုပ်လို့လည်း မရပြန်ဘူး။”

“အို- ပလတ်စတစ်က အဲဒီလောက်တောင် ဆိုးတာလား။”

“ပိုဆိုးတာက ပလတ်စတစ်ကို မီးရှို့လို့လည်းမရပြန်ဘူး။ တကယ်လို့ မီးရှို့လိုက်ရင် ထွက်လာတဲ့ အဆိပ်သင့်မီးခိုးငွေ့တွေက သက်ရှိတွေကို ဘေးဖြစ်စေပါလိမ့်မယ်။ ဒီမီးခိုးမှာ စီအက်(ဖှ်)စီတွေပါလို့ အိုဇုန်းလွှာကို ပျက်စီးစေတယ်။”

“အဲလိုဆိုရင် ပလတ်စတစ်ဟာ ကုန်းမြေနဲ့ရေထု နှစ်ခုလုံးကို ညစ်ညမ်းစေတယ်လို့ ဆိုလိုတာပေါ့ ဟုတ်လား။”

“အို - ဒါတင်ဘယ်ကမလဲ။ တကယ်လို့ ပလတ်စတစ်ကို ရေထဲစွန့်ပစ်လိုက်ရင် မြစ်ကြမ်းပြင်ပေါ်က အပင်တွေကို ပျက်စီးသွားစေနိုင်တယ်လေ။ ဒါကြောင့် အဲဒီအပင်တွေကို စားသောက်ရှင်သန်ကြတဲ့ ရေနေသတ္တ၀ါတွေဟာ အစာငတ်မှုအန္တရာယ်နဲ့ ရင် ဆိုင်ရလိမ့်မယ်။ ဒါ့အပြင် တကယ်လို့ ပလတ်စတစ် အိတ်တွေကို ငါးတွေက မျိုချလိုက်ရင် အသက်မရှုနိုင်ဘဲ သေသွားနိုင်တယ်လေ။ ဒီအိတ်တွေကို နမော်နမဲ့ လွှင့်ပစ်လိုက်ရင် ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေကြီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်”

“အဲလိုဆိုရင် ပလတ်စတစ်က ရေကိုလည်းဘေးဖြစ်စေတာပေါ့။”
“ဟုတ်ပါ့။ ပလတ်စတစ်ဟာ မြေ၊ရေ၊လေတို့ကို ဒုက္ခလှလှပေးနိုင်တာပေါ့။ တော်တော်ဆိုးတာပဲ နော်။ ဒါပေမယ့် လူတွေက အဲဒါကို အသုံးပြုနေကြတုန်းဘဲဗျာ။”

မြင်ကွင်း (၂)
+++++

ဟိုးရှေးရှေးတုန်က သိကြားမင်းစံရာ ဘုံဗိမာန်တွင် ဖြစ်သည်။

“ကဲ - ကိုမာဃရေ။ ဒီတစ်ခါတော့ အပျင်းပြေသဘောမျိုးမလုပ်နဲ့ဗျ။ တကယ့် လေးလေးနက်နက် ကစားကြစို့ရဲ့။”

“ဘယ်လို လေးလေးနက်နက် ကစားမှာလဲဗျ။ လင်းစမ်းပါဦး ကိုဗြဟ္မာကြီးရဲ့။”

“ဒီလိုလုပ်ရအောင်ဗျ။ ကိုမာဃနိုင်ရင် ကျုပ်ခေါင်းကိုဖြတ်ဗျာ။ ကျုပ်က နိုင်ရင်လည်း ခင်ဗျားခေါင်းကို ဖြတ်မယ်။”

“ဟာ…”

ဗြဟ္မာမင်းကြီးထံမှ မျှော်လင့်မထားသောစကားကြောင့် သိကြားမင်းခမျာ လန့်ဖျတ်သွားရှာ၏။ ဗြဟ္မာမင်းကြီး၏ မျက်နှာကို သူစိုက်ကြည့်လိုက်သည်။ နောက်နေပုံမျိုးမဟုတ်နိုင်။သူမျက်မှောင်ကျုံ့ပြီး ခဏမျှ စဉ်းစားနေမိသည်။ ထိုနောက်တွင်မှ သူဆုံးဖြတ်ချက် ချလိုက်နိုင်သည်။

“ကောင်းပြီလေ။ ကိုဗြဟ္မာကြီးပြောသလိုဘဲ ကျုပ်တို့တွေ ကြွေအန်ကစားကြတာပေါ့။”

ထို့နောက်မင်းနှစ်ပါး ကြွေအန်ကစားကြရာ ဗြဟ္မာမင်း ရှုံးလေသည်။ ထို့ကြောင့် သိကြားမင်းက ဗြဟ္မာမင်း၏ဦးခေါင်းတော်ကို ဖြတ်လိုက်၏။

ထိုအခါတွင်မှ ပြဿနာကြီးတစ်ရပ် ပေါ်လာလေသည်။ သိကြားမင်းက သူ့လက်အောက်မှ နတ်မှူးမတ်များနှင့် တိုင်ပင်ရသည်။

“နတ်မှူးအပေါင်းတို့ - ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဗြဟ္မာကြီးရဲ့ဦးခေါင်းကို သမုဒ္ဒရာထဲသို့ ပစ်ချလိုက်ရင် မကောင်းဘူးလားကွဲ့။”

“မှန်လှပါဘုရား။ ဗြဟ္မာမင်းကြီးဟာ အလွန်တန်ခိုးကြီးသူ ဖြစ်ပါသောကြောင့် သူ့ဦးခေါင်းကို သမုဒ္ဒရာထဲသို့ ပစ်ချလိုက်ရင် သမုဒ္ဒရာအပေါင်းမှ ရေများအားလုံး ခန်းခြောက်သွားပါလိမ့်မယ်။ မသင့်တော်ကြောင်းပါဘုရား။”

“ဒီလိုဆိုရင် လေထုထဲကို လွှင့်ပစ်လိုက်ရင်ကော ရနိုင်မယ်မဟုတ်လား။”

“မှန်လှပါ။ လေထုထဲကို လွှင့်ပစ်လိုက်ရင် ကမ္ဘာလောကတစ်ခုလုံးမှာ မိုးခေါင်ရေရှားမှုဖြစ်ပြီး သတ္တ၀ါအပေါင်း သေကြေပျက်စီးသွားကြပါလိမ့်မယ်။ မသင့်တော်ကြောင်းပါဘုရား။”

“ဒါဆိုရင် ကုန်းပေါ်ကိုပဲ လွှင့်ပစ်လိုက်မယ်။ မကောင်းဘူးလားကွဲ့။”

“မှန်ပါ။ ပိုဆိုးသွားပါလိမ့်မယ် ဘုရား။ အဲဒီလိုသာ ကုန်းပေါ်ကို လွှင့်ပစ်လိုက်ရင် ကုန်းပေါ်မှာ သစ်ပင်ဝါးပင်တွေ မပေါက်ရောက်နိုင်တော့ပါဘုရား။ သတ္တ၀ါများ အငတ်ဘေးနှင့်ကြုံပြီး သေကြေပျက်စီးကြပါလိမ့်မယ်။ မသင့်တော်ပါဘုရား။”

“ဟယ် - ငါကိုယ်တော်လည်း စိတ်နှလုံးနောက်ကျိတော်မူလှတယ်ကွယ်။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ အကြံပြုကြပါအုံးကွဲ့။”

“မှန်လှပါဘုရား။ ကျွန်တော်တို့ အကြံပြုလိုတာက ဗြဟ္မာကြီးသည် အလွန်တန်ခိုးကြီးပါသဖြင့် ကျွန်တော်မျိုးတို့လို သာမန်နတ်သမီး၊ နတ်သားများ မသယ်ထားနိုင်ပါ။ အရှင်သိကြားမင်း၏ သုစိတာ၊ သုမာလာ၊ သုနန္ဒာတည်းဟူသော နတ်မိဖုရား သုံးပါးကို အားနာစွာနဲ့ပဲ ကိုင်ခိုင်းရမှာပါဘုရား။”

“အင်း - ငါကိုယ်တော်ရှင်မြတ်ဟာ နတ်သူဇာသုံးပါးအပေါ် မပြောင်းလဲသည့် တူညီသော မေတ္တာတရားဖြင့် လွန်စွာချစ်မြတ်နိုးတော်မူပေတယ်။ သူတို့တွေထဲက ဘယ်သူ့ကိုမှ ပင်ပန်းဆင်းရဲ မဖြစ်စေချင်ဘူး။ သို့ပေမယ့် သတ္တ၀ါအပေါင်းတို့၏ ကောင်းကျိုးကို ရှေးရှုပြီး နတ်သူဇာတစ်ဦးလျှင် လူ့ပြည်မှတစ်နှစ်ကျစီ ဒီဗြဟ္မာဦးခေါင်းကို ကိုင်ဆောင်ထားဖို့ အမိန့်တော်ချမှတ်လိုက်သည်။ နှစ်တစ်နှစ်ကုန်ဆုံးလျှင်ကုန်ဆုံးချင်း အလှည့်ကျ အခြားနတ်သူဇာတစ်ဦး၏လက်တွင်းသို့ ပြောင်းလွှဲစေ။”

“သင့်မြတ်လှကြောင်းပါဘုရား။

မြင်ကွင်း (၃)
+++++

“အို-အဲလိုဆိုရင် ပလတ်စတစ်ကို ဘယ်လို ကောင်းကောင်းသုံးနိုင်ပါသလဲခင်ဗျာ။ ပလတ်စတစ်ကို အသုံးပြုခြင်းမှာ ကောင်းကျိုးတွေ အများကြီးရှိတယ်လို့ ကျွန်တော်တော့ ထင်တယ်လေ။ ဥပမာ ပလတ်စတစ်အိတ်ဟာ အရာဝတ္ထုတွေကို ထုပ်ပိုးယူဆောင်သွားဖို့ လွယ်ကူတယ်လေ။ အဲဒါကို လုံးဝမသုံးတော့ဘူးဆိုတဲ့ စိတ်ကူးကိုတော့ ကျွန်တော် မကြိုက်ဘူးဗျ။”

“ကဲဗျာ၊ ခင်ဗျားပြောသလိုပဲ ပလတ်စတစ်ကို အသုံးပြုတာမှာ ကောင်းကျိုးအများကြီးတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါကို သင့်လျော်စွာ ဘယ်လို သုံးမလဲ ဆိုတာက အရမ်းအရေးကြီးတယ်လေ။ ပညာရှင်တွေ ပြောကြတာက လူသားအားလုံး ‘ပြန်လုပ်၊ ပြန်သုံး၊ လျှော့ချ’ ဆိုတဲ့ မူကို လိုက်နာရမယ်တဲ့။ ပလတ်စတစ်ပစ္စည်းအဟောင်းတွေကို ပစ္စည်းအသစ်အဖြစ် ပြန်လုပ်နိုင်တယ်။ အဲဒီပစ္စည်းဟောင်းတွေကို တစ်နည်းနည်းနဲ့ ပြန်သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် ရေသန့်ဘူးခွံတွေကို ဆီထည့်ဖို့ ပုလင်းတွေအဖြစ် ပြန်သုံးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပလတ်စတစ်အိတ်အသုံးပြုတာကို လျှော့ချဖို့ဖြစ်ပါတယ်။ ဈေးက ဟင်းသီးဟင်းရွက်သွားဝယ်ဖို့ ကိုယ့်မှာရှိတဲ့ အိတ်ခွံတွေကို ယူသွားလို့ရပါတယ်။”

“ခင်ဗျားက ရခိုင်မုန့်တီလိုမျိုး ဟင်းရည်ပူတွေကို ပလတ်စတစ်အိတ်နဲ့ မထည့်သွားရဘူးဆိုရင် ဘယ်လိုထည့်စရာမျိုးနဲ့ အဲဒီလိုဟင်းရည်ပူတွေကိုထည့်ရမှာလဲဗျ။”

“လွယ်ပါတယ်ဗျာ။ စတီးချိုင့်၊ ဒါမှမဟုတ် အလားတူထည့်စရာတစ်ခုခုကို သုံးနိုင်ပါတယ်။”

“ဒါဆို ကျွန်တော်တို့က ပလတ်စတစ်ပစ္စည်းတွေကို ‘ပြန်လုပ်၊ ပြန်သုံး၊ လျှော့သုံး’ (Recycle, Reuse, Reduce) ဆိုတဲ့မူကို ကျင့်သုံးရမှာပေါ့။ ဟုတ်လားခင်ဗျာ။”

“မှန်ပါတယ်ဗျာ။ အို - ဒီပလတ်စတစ် သို့မဟုတ် ဗြဟ္မာဦးခေါင်းဟာ ကမ္ဘာကြီးအတွက် ကျိန်စာတစ်ခုလိုပါလား။ လူဘုံလောကကို ကယ်တင်ဖို့ အဲဒီမူဝါဒကိုသာ လိုက်နာကျင့်သုံးပေးစမ်းပါဗျာ။”

လေးစားစွာ


ဇွဲသစ်(ရမ္မာမြေ)

(ရန်ကုန်ပညာရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂၀၁၃) တွင် ဖော်ပြပြီးသော စာမူကို ပြန်လည်မျှဝေပါသည်။)

No comments:

Post a Comment