Saturday 28 November 2015

ရှက်မိတာအမှန်ပါ


တစ်လောတုန်းက ကွန်ပျူတာဆိုင် ရောက်ခဲ့တယ်။

လက်တော့က Google Chrome မှာ ဇော်ဂျီ ဖောင့် ထည့်ဖို့ပါပဲ။

ပိုက်ဆံပါသွားတာက တစ်သောင်းခွဲပါ။

ညနေပိုင်း လေးနာရီကတည်းက ရောက်ခဲ့တယ်၊

ဒါပေမယ့် ကွန်ပျူတာပြင်သူက ပထမအကြိမ် ထည့်ပြီးစမ်းကြည့်တယ်။ အဆင်မပြေဘူး။

ဒုတိယအကြိမ် ထည့်ကြည့်တယ်။


ပြန်ပိတ်၊ ပြန်ဖွင့်တယ်။ အဆင်မပြေပြန်ဘူး။

အရေးထဲ တစ်ခါဖွင့်ဖို့ကို တစ်ခါ Password ရိုက်ထည့်ပေးရတော့ ကျွန်တော်ကလည်း အရိပ်တကြည့်ကြည့်၊ သူကလည်း လှမ်းလှမ်းခေါ်ရတာ မသက်သာ။

သုံးခေါက်လောက် password ရိုက်ထည့်ပေးပြီးတော့မှ သူက ပြောတယ်။

“Password ကို ဖျက်လိုက်မယ်ဗျာနော်“ တဲ့။

ကိုယ်ကလည်း ရပါတယ်ပေါ့။

အဲလိုနဲ့ သူဆက်ကြိုးစားတယ်။ အခန်းကျဉ်းလေးထဲမှာ ပန်ကာဖွင့်ဖို့တောင် သူသတိမရနိုင်၊ ချွေးတွေသံတွေထွက်လို့...

ဆိုင်ရှင်အစ်ကိုက ရခိုင်မုန့်တီဝယ်သောက်တာတွေ့တယ်။

သူ့အတွက်ပါ ဝယ်ပေးတယ်။

သူကပြောသံကြားတယ်။ “ မသောက်တော့ပါဘူး အစ်ကိုရာ။ အစ်ကိုပဲ သောက်လိုက်တော့“ တဲ့။

သူ ဆက်တိုက်လုပ်တယ်။

၅ နာရီ၊ ၆ နာရီ၊ ရ နာရီ...။

တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်သွားလိုက်တာ...။

ဒီကြားထဲ ကျွန်တော် ဘာတွေ စဉ်းစားနေတယ်မှတ်သတုန်း။

“ဒီလောက်အချိန်တွေ ကုန်မှတော့ ငါ ကွန်ပျူတာပြင်ခ ဘယ်လောက်တောင် ပေးရမလဲ မသိဘူး။ ဒုက္ခပဲ။ ပါလာတဲ့ ပိုက်ဆံကော လောက်ပါ့မလားမသိဘူး။“ ဆိုပြီးတွေးနေမိတယ်။

သူက ကွန်ပျူတာလုပ်တာ ဝါရင့်နေပြီ၊ အရမ်းကျွမ်းကျင်တယ်။ ဒါပေမယ့် ဒီတစ်ချီမှာ တော့ အခက်အခဲ တွေ့နေတယ်။ အကြိမ်ပေါင်းများစွာ ဆော့ဖှဝဲအခွေတွေနဲ့ ထည့်ပြီး ပိတ်လိုက်၊ ဖွင့်လိုက် စမ်းသပ်လိုက် လုပ်နေတယ်။

သူ ပင်ပမ်းတာကို မြင်နေရတယ်။ ဒါပေမယ့် သူ့အတွက်ထက် ကိုယ့်အိတ်ထဲက ထွက်ပြီး သူ့အိတ်ထဲ ဝင်သွားမယ့် ပိုက်ဆံထုထည်ကို စိတ်ကူးနဲ့ မှန်းဆတွေးတောကြောက်ရွံ့နေမိတယ်။

ရ နာရီခွဲခါနီးလောက်မှာ ကွန်ပျူတာ ပြင်ပြီးလို့ ကျွန်တော့်ကို သူ စမ်းသပ်ပြလိုက်တယ်။

ကျွန်တော် ပျော်လိုက်တာမှ...။

လက်ပ့တော့ကို လက်လှမ်းအယူမှာ မဝံ့မရဲ မေးလိုက်ပါတယ်။

“ဘယ်လောက်ကျလဲ အစ်ကို....“

သူက ပျူငှာဖော်ရွေစွာ ပြုံးပြီး လှမ်းပြောပါတယ်။

“နှစ်ထောင်ပါ အစ်ကို...“ တဲ့...။

ကျွန်တော် “ဗျာ“ ကနဲ အသံထွက်သွားအောင်ထိ အံ့သြမိသွားတယ်။

သူကတော့ ကျွန်တော့်ကို နားမလည်နိုင်စွာ ကြောင်ကြည့်နေတယ်။

ကျွန်တော့်စိတ်ထဲက ဖြစ်ပျက်ခဲ့တာတွေကို သူ ဘယ်မြင်နိုင်ခဲ့ပါ့မလဲလေ။

ဒါပေမယ့်....စိတ်ထဲက ဖြစ်ပျက်ခဲ့တာတွေအပေါ် ကျွန်တော် နောင်တရ ရှက်မိတာတော့ အမှန်...။

စိတ်ထဲမှာ စကားလုံးတွေ ပဲ့တင်ထပ်မြည်ဟီးနေခဲ့တယ်။

“သြော်... ငါလည်း အတ္တကြီးတဲ့ လူတစ်ယောက်ပါလား........ “ လို့...။

By: ဇွဲသစ် (ရမ္မာမြေ)

၎၊ ၇၊ ၂၀၁၃ (ကြာသပတေးနေ့)

No comments:

Post a Comment