Friday 27 November 2015

နှစ်သက်မိသော စကားလေးတစ်ခု (၂)


နှစ်သက်မိတဲ့ ဒုတိယ စကားတစ်ခုကို ဆက်လက်တင်ပြလိုပါတယ်။

ပထမတစ်ခုလိုပဲ ဒီတစ်ခုကလည်း ကျွန်တော့် ဆရာတစ်ယောက်ရဲ့ စကားတစ်ခွန်းကို အမှတ်တရ တင်ပြချင်ပါတယ်။

ကျွန်တော် နဝမတန်းစတက်တဲ့ အချိန်တုန်းကပါ။

ကျွန်တော်တို့ကို အင်္ဂလိပ်စာသင်ပြပေးတဲ့ ဆရာက ပြောခဲ့တာပါ။

အဲဒါကို မတင်ပြမီ သူ့အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။

ဆရာက အင်္ဂလိပ်စာကို အတော်လေ့လာလိုက်စားထားလေတော့ အသံထွက်ရော၊ အရေးပါ အတော့်ကို ကောင်းတယ်လို့ ထင်ပါတယ်။

သူ့စတိုင်က စာသင်ရင်း ဖတ်ဖူး၊ မှတ်ဖူးတာလေးတွေကို ပြောပြောပြီး တပည့်တွေကို ဆုံးမတတ်တာပါပဲ။

ဆရာက အင်္ဂလိပ်စာ ကို ဖတ်ရင် (တစ်ခြားဆရာ၊ ဆရာမတွေရဲ့ နောက်ပြောင်ပြောဆိုချက်အတိုင်း ပြောရရင်) ပဲခပ်များများဗျ။


ဒါပေမယ့် ဒီလို ပဲများတာကိုက ကျွန်တော်တို့တွေ အကြိုက် ဖြစ်ခဲ့တယ်။

ဆရာ့ကိုလည်း အားကျခဲ့ကြတယ်။ လေးစားခဲ့ကြတယ်။ ချစ်ကြောက်ရိုသေခဲ့ကြတယ်။

သူပြောခဲ့တဲ့စကားတစ်ခွန်းကို စပြီးပြောပါမယ်။

တစ်နေ့ သူ ကျွန်တော်တို့ အခန်းမှာ စာသင်နေတယ်။

စာသင်ရင်းနဲ့ တပည့်တွေကို သူ အားပေးစကားလေး ဒီလို ပြောခဲ့တယ်။

“မင်းတို့တွေရဲ့ ဘဝမှာ အခက်အခဲဆိုတာ ရှိကြမှာပဲ။ အခု ရင်ဆိုင်ရတဲ့ ကျောင်းသားဘဝ အခက်အခဲတွေ၊ စာမေးပွဲအခက်အခဲတွေဆိုတာက ပါမွှားလေးပဲ ရှိအုံးမယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ရာ ခွန်အားတွေလိုတယ်။ အဓိက ကတော့ ကိုယ့်ကိုယ်ကို ခိုင်မာစွာ ယုံကြည်စိတ်နဲ့ ဘဝခရီးလျှောက်လှမ်းတတ်ဖို့ လိုပါတယ်။ အလက်ဇန္ဒားဘုရင်ကြီးက ပြောခဲ့တဲ့စကားတစ်ခု ရှိတယ်။ ‘I came; I saw; I passed’ တဲ့။ မြန်မာလို ပြောရရင် ‘ငါလာတယ်။ ငါသိတယ်။ ငါအောင်မြင်တယ်။’ ပေါ့။ သူအောင်မြင်မယ်ဆိုတာ သူ့ကိုယ်သူ ယုံကြည်နေတယ်ဆိုတဲ့ သဘောပါ။ မျှော်မှန်းထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ရမယ်ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှု (Self-confidence) ရှိကြောင်း ပြနေတယ်။ ဒါကြောင့် အလက်ဇန္ဒားဘုရင်ဆိုတာ သမိုင်းတွင်ခဲ့တာပေါ့။” တဲ့။

ကောင်းလိုက်တဲ့ စကားတွေ။

ကျွန်တော့်စိတ်ထဲ စွဲမြဲသွားခဲ့တယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်ဆိုတဲ့ အသိရှိလာခဲ့တယ်။

(၇) နှစ်သားအရွယ်ကတည်းက အဖေဆုံးပါးသွားခဲ့ပြီးနောက်မုဆိုးမအမေ၊ ညီအစ်ကို မောင်နှမ (၆) ယောက်နဲ့အတူ ဘဝခရောင်းလမ်းကို ချိုတဲ့စွာ ရုန်းကန်ဖြတ်သန်းခဲ့ရသူ ကျွန်တော့်ရဲ့ နုနယ်တဲ့ နှလုံးသားမှာ ‘ယုံကြည်မှု’ ဆိုတာ ပျောက်ရှနေခဲ့ပါတယ်။

စိုးရွံ့နေတဲ့ စိတ်အာရုံပန်းချီကားထက်မှာ ‘ယုံကြည်မှု’ ဆိုတဲ့ စုတ်ချက်တစ်ချက်ဟာ မပီဝိုးတဝါး ဖြစ်နေခဲ့ပါတယ်။

ဒီလိုမျိုး စိတ်အခံရှိခဲ့သူ ကျွန်တော့်အတွက် ဆရာ့စကားက အားဆေးတစ်ခွက် ဖြစ်ခဲ့တယ်။
အတန်းဖော် (၇၀) လောက်ရှိခဲ့တဲ့အထဲ ဒီစကားကို အခုချိန်ထိ စွဲမြဲစွာ မှတ်မှတ်ရရ ဖြစ်နေသူ နည်းမယ်ထင်ပါတယ်။

ကိုယ့်အဖြစ်နဲ့ လာတိုက်ဆိုင်နေခဲ့သူ ကျွန်တော့်အတွက်တော့ ဆရာ့စကားက တစ်သက်မမေ့နိုင်စရာပါပဲ။

ဒီလိုနဲ့ ကျွန်တော် (၁၀) တန်းအောင်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ပထမနှစ် ပညာသင်ခဲ့တဲ့ (၂၀၀၃) ခုနှစ်မှာပဲ စာတွေဖတ်ရင်း မထင်မှတ်ဘဲ အဲဒီစကားလေးကို ထပ်တွေ့ခဲ့ပြန်ပါတယ်။

တွေ့တဲ့ စာအုပ်နာမည်ကို အသေအချာ မမှတ်မိတော့ဘူး။

အင်္ဂလိပ်စာပညာပေးမဂ္ဂဇင်းတစ်အုပ်ထဲမှာလို့ ထင်ပါတယ်။

အဲဒီထဲမှာ ရေးထားတာက Julius Caesar ပြောတာပါတဲ့။ veni vidi vici ဆိုတဲ့ မူလလက်တင်စကားပါတဲ့။ အင်္ဂလိပ်လို ‘I came; I saw; I conquered.’ ပါတဲ့။

ဂျူလီယက်ဆီဇာဟာ ဒီစကားကို ဘီစီ (၄၇) ခုနှစ်မှာ အရင် ဇီလာမြို့ (အခု တူရကီနိုင်ငံ ဇီလီမြို့) မှာ ဒုတိယမြောက်ဖာနေးဆက်ဘုရင် (Pharnaces II of Pontus) နဲ့ စစ်ခင်းဖို့ ချီလာစဉ် သူကိုယ်တိုင် လက်တင်ဘာသာ (Latin) နဲ့ ရေးသားခဲ့ပါသတဲ့။

ဆရာပြောခဲ့တာ ‘passed’ ၊ ဒီမှာတော့ ‘conquered’ တဲ့။ ဒီအသုံးနှစ်ခုတော့ ကွာနေတယ်။
ကျွန်တော့်အထင်ပြောရရင် ဆရာက နဝမတန်း ကျောင်းသူ၊ ကျောင်းသားတွေ ‘conquered’ ရဲ့ အဓိပ္ပာယ်ကို မသိမှာစိုးလို့ လွယ်တဲ့ စကားလုံးတစ်လုံးနဲ့ အစားထိုးပြောခဲ့တာပါပဲ။

မူရင်း အင်္ဂလိပ်ဘာသာမှာ မူကွဲရှိနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
သေချာတာကတော့ ဂျူလီယက်ဆီဇာဟာ ပညာရှိစစ်ဘုရင်ကြီးတစ်ပါးဆိုတာပါပဲ။

ဂျူလီယက်ဆီဇာ ပြောစကားအရဆိုရင် သူဟာ သူလုပ်မယ့်အလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self-confidence) ရှိကြောင်းပြနေပါတယ်။ ဒီလို ယုံကြည်မှုရှိလို့လည်း ဒီလို မှန်းရာတိုင်းပေါက်ခဲ့တယ်။ Julius Caesar ရယ်လို့ သမိုင်းမော်ကွန်းတင်ခံခဲ့ရတယ်လို့ ထင်မြင်မိတယ်။

ဆရာ့စကားမှာ Alexandre the Great က ပြောခဲ့တယ်ဆိုတာ ပမာဒလေခသဘောမျိုး မှားယွင်းခဲ့တယ်ဆိုပေမယ့် အမှန်ကို သိရချိန်မှာလည်း ဆရာ့ဆိုလိုရင်းအဓိပ္ပာယ် ပျက်မသွားပါဘူး။ အဆီအနှစ်ပျောက်မသွားပါဘူး။

ဆရာ့စကားကနေ ကျွန်တော် မှတ်သားဖြစ်ခဲ့တာက ‘မိမိကိုယ်ကို ယုံကြည်မှုဟာ လူတိုင်းအတွက် အထူးအရေးကြီးတယ်’ ဆိုတာပါပဲ။

မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ မိမိလမ်းကြောင်းကို မိမိ ထိန်းကျောင်းပဲ့ပြင်ပြီး အောင်မြင်တဲ့ ဘဝခရီးလျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

‘I came; I saw; I conquered’ ပါခင်ဗျာ။

(ဤစာစုဖြင့် ဇာတိ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ်မှ လေးစားရသော ဆရာဦးသိန်းမြင့်အား ရည်မျှော်မှန်းဆ ကန်တော့လိုက်ပါသည်။)

By: ဇွဲသစ် (ရမ္မာမြေ)
၂၅၊ ၅၊ ၂၀၁၃ (စနေနေ့)

No comments:

Post a Comment