Sunday 29 November 2015

အမြင်


တစ်နေ့မှာ အလွန်ချမ်းသာတဲ့ မိသားစုတစ်စုက အဖေဖြစ်သူဟာ လယ်တောတွေရှိတဲ့ ကျေးလက်ဒေသဆီ သားဖြစ်သူကို ခေါ်သွားခဲ့ပါသတဲ့။ ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတာ သားဖြစ်သူကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ။ သူတို့သားအဖဟာ အလွန်ဆင်းရဲတဲ့ မိသားစုတစ်စုလို့ ထင်ရတဲ့ မိသားစုတစ်စုရဲ့ လယ်တောထဲမှာ ၂ ရက်၊ ၂ ညလောက် အချိန်ကုန်လွန်စေခဲ့ကြတယ်။ သူတို့ရဲ့ အပြန်လမ်းခရီးမှာ အဖေဖြစ်သူက သားကို မေးတယ်။ “သားရေ … ခရီးသွားရတာ ဘယ်လိုနေလဲကွ။“


“အရမ်း ကောင်းပါတယ် အဖေ …“

“ဆင်းရဲသားတွေ ဘယ်လို နေထိုင်ကြရတယ်ဆိုတာ သား မြင်ခဲ့တယ်မလား“ လို့ ဖခင်ဖြစ်သူက မေးတယ်။

“အို … မြင်ခဲ့တာပေါ့ အဖေရယ် … “ လို့ သားဖြစ်သူက ပြောတယ်။

“အဲလိုဆိုရင် ဒီခရီးကနေ သား ဘယ်လိုသင်္ခန်းစာတွေ ရခဲ့လဲဆိုတာ အဖေ့ကို ပြောစမ်းပါဦးကွာ … “ လို့ အဖေဖြစ်သူက မေးတယ်။

သားဖြစ်သူက ဒီလို ဖြေလိုက်ပါတယ်။ “သား မြင်ခဲ့တာကို ပြောရရင် … သားတို့မှာက ခွေးတစ်ကောင်တည်းပဲ ရှိတယ်။ သူတို့တွေမှာ ခွေးလေးကောင် ရှိတယ်။ သားတို့မှာ ပန်းဥယျဉ်တစ်ဝက်လောက်ပဲ ရှည်တဲ့ ရေကန်လေးတစ်ခု ရှိတယ်။ သူတို့တွေမှာတော့ အဆုံးမရှိတဲ့ စမ်းချောင်းလေးတစ်ခု ရှိတယ်။ သားတို့တွေရဲ့ ဥယျာဉ်မှာ ထွန်းဖို့ မီးအိမ်တွေကို နိုင်ငံခြားကနေ သွင်းယူရသေးတယ်။ သူတို့တွေမှာတော့ ညအချိန်မှာ ကြယ်တွေ လင်းလက်လို့ …။ သားတို့ရဲ့ အပမ်းဖြေနားနေဆောင်က အိမ်ရှေ့ မြေကွက်လပ်လေးလောက်ပဲ ရောက်တယ်။ သူတို့တွေမှာတော့ မိုးကုပ်စက်ဝိုင်းကြီးတစ်ခုလုံး ရှိတယ်။ သားတို့မှာ နေစရာ မြေကွက် မစို့မပို့လေးပဲ ရှိတယ်။ သူတို့တွေမှာက ရှုမျှော်မဆုံးတဲ့ ကွင်းပြင်ကျယ်ကြီးတွေ ရှိတယ်။ သားတို့တွေမှာ အလုပ်အကျွေးပြုပေးမယ့် အခိုင်းအစေတွေ ရှိတယ်။ ဒါပေမယ့် သူတို့တွေက တခြားသူတွေကို ကိုယ်တိုင် အလုပ်အကျွေး ပြုပေးကြတယ်။ သားတို့မှာ အစားအသောက်တွေကို ဝယ်ယူကြရတယ်။ ဒါပေမယ့် သူတို့တွေက အစားအစာကို ကိုယ်တိုင်စိုက်ပျိုးကြတယ်။ သားတို့မှာ အကာအကွယ်ဖြစ်စေဖို့ စည်းစိမ်ဥစ္စာတွေကို နံရံတွေနဲ့ ကာရံထားကြရတယ်။ သူတို့တွေကျတော့ သူတို့ကို အကာအကွယ်ပေးဖို့ မိတ်ဆွေတွေ ရှိပါတယ်။“

ကောင်လေးရဲ့ အဖေ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပါဘူး။

အဲဒီနောက်မှာ သားဖြစ်သူက ထပ်ပြောတယ်။ “သားတို့တွေ ဘယ်လောက်ထိ ဆင်းရဲကြသလဲဆိုတာ သားကို ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေရယ် … “ တဲ့။


(အမည်မသိစာရေးဆရာတစ်ဦး၏ How the poor live ကို ဘာသာပြန်ပါသည်။)

Trs: ဇွဲသစ် (ရမ္မာမြေ)
၁၅၊ ၁၀၊ ၂၀၁၃

No comments:

Post a Comment