Tuesday 24 November 2015

ပြုပြင်ပြောင်းလဲခြင်း


ကမ္ဘာလောကကြီးတွင် မြင်မြင်သမျှသောအရာများသည် အနိစ္စတရားနှင့် ဒွန်တွဲနေကြ၏။ ဘယ်အရာမှ အမြဲတစေ တည်မြဲသည်ဟူ၍ မရှိချေ။ လွန်စွာခိုင်ခံ့ပါသည်ဟူသော အဆောက်အအုံကြီးသည်လည်း ကာလကြာညောင်းသောအခါ ယိုင်လဲပြိုကျတတ်၏။ သို့တည်းမဟုတ် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့်သော်လည်း ပြိုကျပျက်စီးရာ၏။ လွန်စွာခံ့ထည်၍ ခိုင်ခံ့ပါသည်ဆိုသော အီဂျစ်ပိရမစ်ကြီးများပင် မသေချာသောတစ်နေ့တွင် အနစ္စတရား၏ခြေရင်း၌ ကျုံ့ကျုံ့လေး ၀ပ်စင်းရပေမည်။ ထို့အတူ ဘာသာအယူဝါဒအသီးသီးဆိုင်ရာ အထွတ်အမြတ် အဆောက်အအုံများသည်လည်း အနစ္စတရားလက်တွင်း တစ်နေ့သက်ဆင်းရမည်မှာ ဓမ္မတာဖြစ်သည်။ သို့သော် ထိုသို့ အပျက်သဘောဆောင်သော ပြောင်းလဲမှုများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် အပြုသဘောဆောင်စေသင့်သည်။ ဤစိတ်ဓာတ်ကြောင့်ပင် သာသနိက အဆောက်အအုံများ၊ စေတီပုထိုးများ စသည်ကို ပြုပြင်မွမ်းမံခြင်းဖြင့် ထိန်းသိန်းလာကြခြင်းဖြစ်ပေသည်။



ဤကမ္ဘာလောကကြီးသည်လည်း အရှိန်အဟုန်ဖြင့်ပြောင်းလဲနေသည်။ ကျောက်ခေတ်၊ ကြေးခေတ် စသည်မှ ကွန်ပျူတာခေတ်၊ အင်တာနက်ခေတ်၊ ပညာခေတ်စသည် စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခေတ်ပြီး တစ်ခေတ်။ ထိုသို့သော ပြောင်းလဲမှုများတွင် ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်း များစွာရှိပေသည်။ အဲလ်ဖရက်နိုဘဲလ်၏ ဒိုင်းနမိုက်တီထွင်ခဲ့မှုတို့ကား အန္တရာယ်များလှပေစွ။ သို့သော် အများဆုံးသော ပြောင်းလဲမှုများမှာ အပြုသဘောဆောင်သော ကမ္ဘာကြီး လှပသာယာစေရန် ပြောင်းလဲမှုများဖြစ်၏။ ယခင့်ယခင်က “အမည်မသိရောဂါဆန်း တစ်မျိုး” ဟူ၍သာ အမည်ပေးနိုင်ခဲ့သော ရောဂါများကို ထဲထဲဝင်ဝင် လေ့လာပြီးရုံမျှမက ယင်းတို့ကို ကုသနည်းများကိုလည်း တဖြည်းဖြည်း သိရှိလာကြပေပြီ။ ကုသနည်းအစရှာမရသေးသည့် ရောဂါများကိုလည်း မကြာသောကာလတစ်ခုတွင် တွေ့ရှိပြီး ကုသနိုင်ပေမည်။ စီးပွားရေးဖွံ့ဖြိုးမှု၊ ကမ္ဘာကြီးအေးချမ်းသာယာမှုတို့အတွက် အဖွဲ့ကြီးများ ဖွဲ့စည်းကြခြင်းသည်လည်း တိုးတက်ပြောင်းလဲလာမှု၏ ပြယုဂ်ဖြစ်သည်။


ထိုနည်းတူစွာ တစ်ရွာ၊ တစ်နိုင်ငံ အဆင့်မှ တစ်ကမ္ဘာတစ်ရွာပြုမှု (Globalization) ဟူသောအတွေးအခေါ်သို့ ပြောင်းလဲကျယ်ပြန့်လာသည်။ ယခင်က နွားခြေရာခွက်ထဲမှ ဖားသူငယ်ပမာ အမြင်ကျဉ်းမြောင်းခဲ့ကြသော်လည်း ပွင့်လင်းလွတ်လပ်သောစိတ်ဖြင့် ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်ကို ဖြန့်ကျက်ကြည့်ရှုတတ်နေကြပေပြီ။ အမှန်တကယ်လည်း ပတ်ဝန်းကျင်ကို ကြည့်ရှုတတ်အောင် ကြိုးစားရပါမည်။ သို့မှ ဖားသူငယ်၏ စိတ်မျိုး ကင်းပေမည်။


ကျွှန်ုပ်တို့ကိုယ်တိုင်လည်း စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ အ၀တ်အစား၊ အနေအထိုင် စသည်တို့ကို ပြောင်းလဲသင့်က ပြောင်းလဲရန် ကြိုးစားရပါမည်။ “ပညာရှိသည် တစ်ခါတစ်ရံ စိတ်ကို ပြောင်းလဲ၏။ လူမိုက်တို့ကား ဘယ်သောအခါမှ မပြောင်းလဲ” ဟူ၍ စကားပုံ ရှိသည်။ မှားယွင်းသော အတွေးအခေါ်များ၊ အကျင့်ဆိုးများကို မစွန့်ပစ်နိုင်လောက်အောင် ခေါင်းမမာသင့်ပေ။ မှန်သည်၊ ကောင်းသည်ဆိုက လက်ခံသင့်ပေသည်။ စိတ်ထားဆိုးများကိုလည်း ၎င်းတို့က ဆုံးရှုံးမှုများကိုသာ ပေးစွမ်းနိုင်သည်ဟု ခိုင်မာစွာ မှတ်ယူလျှက် အမြစ်မှ တွန်းလှန်ပစ်သင့်သည်။ ထို့ကြောင့် မိမိကိုယ်ကို အမြဲ ဆန်းစစ်နေရပါမည်။ သို့သော် ခေတ်ရေစီးကြောင်းအတိုင်း မိန်းမော မျောပါနေရမည်ဟူ၍ကား မဆိုလိုချေ။ မလိုသည်များကို ပယ်၍ လစ်ဟာနေသောနေရာများကို ပြုပြင်ဖာထေးသင့်လှ၏။ “မည်သူမှ ပြီးပြည့်သည်ဟူ၍ မရှိ” ဟုဆိုသော်လည်း အတတ်နိုင်ဆုံး ပြည့်ဝသူများဖြစ်လာအောင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရပေမည်။


နိဂုံးချုပ်အနေဖြင့် ကျွှန်ုပ်တို့သည် မိမိ၏စွမ်းအားအလျှောက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရပေမည်။ အပြုသဘောဆောင်သော ပြောင်းလဲမှုများဖြစ်လာစေရန် ကြိုးပမ်းသင့်လှ၏။ “ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ့်ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းကိုသာ ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားပါလေ” ဟု အတွေးအခေါ် ပညာရှင်ကြီးတစ်ဦးက မိန့်ဆိုသကဲ့သို့ ကျွှန်ုပ်တို့သည်လည်း မိမိအစွမ်းအစဖြင့် ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးနှင့် ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုမျိုးကို ယုံကြည်မှုအပြည့်ဖြင့် မဆုတ်မနစ် ကြိုးပမ်းလုပ်ဆောင် ကြသင့်ပါပေသည်။ ။



ဇွဲသစ် (ရမ္မာမြေ)
2008

(၂၀၀၈ ခုနှစ် ဧပြီလထုတ် The Light of English မဂ္ဂဇင်းတွင် ဖော်ပြပြီး။)

No comments:

Post a Comment